အမေရိကန်နိုင်ငံက ဆိုမာလီယာနိုင်ငံတောင်ပိုင်း အယ်လ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့ဝင်များရှိသည့် နေရာကို တိုက်ခိုက်ကြောင်း အမေရိကန်စစ်ဌာနချုပ်က ကြေညာသည်။ ဆိုမာလီယာနိုင်ငံတောင်ပိုင်း ဒိုအယ်မြို့ကို မတ်၃ရက် စောစောပိုင်းက ဒုံးကျည်သုံးစင်းဖြင့် ပစ်ခတ်သည့်အတွက် လေးဦးသေဆုံးပြီး ၂၀ခန့် ဒဏ်ရာရရှိသွားသည်။ နောက်ထပ် ပစ်ခတ်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ပြည်သူများသည် မြို့ကို စွန့်ခွာထွက်ပြေးကြသည်။ မတ်၃ရက် နံနက်ပိုင်းအထိ လေယာဉ်များ အနိမ့်ပျံသန်းနေကြသည်ကို မြင်ရသည်ဟုလည်း မြို့ခံလူထုက ပြောဆိုသည်။ အစ္စလမ္မစ်သူပုန်များက ဒိုဘယ်မြို့ကို ပြီးခဲ့သည့် ရက်သတ္တပတ်က သိမ်းပိုက်ပြီး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟက်ခန်တာကီက ထိုဒေသသို့ ရောက်နေကြောင်း သတင်းရရှိသည်။ မစ္စတာ တာကီသည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့သူ ဖြစ်သည်ဟု အမေရိကန်တို့၏ စာရင်းတွင် ပါရှိသည်။ ထိုအတောအတွင်း ဘာဟက်ကာဘာမြို့ကို အစ္စလမ္မစ်ဝါဒီများက တိုက်ခိုက်သဖြင့် ဒေသခံ ရဲမှူးကြီးတစ်ဦးနှင့် ဒေသခံလေးဦး သေဆုံးသွားသည်။