ပါကစ္စတန်မြို့တော်အစ္စလာမ္မာဘတ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မတ် ၁၅ရက်က ဗုံးတစ်လုံးပေါက်ကွဲရာ နိုင်ငံခြားသူအမျိုးသမီးတစ်ဦး သေဆုံးပြီး အမေရိကန်သံဝန်ထမ်းတို့ ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အခင်းဖြစ်ပွားမှုတွင် သေဆုံးသွားသူမှာ ကယ်ဆယ်ရေးအေဂျင်စီတွင် တာဝန်ထမ်းနေသူ တူရကီအမျိုးသမီးဖြစ်ပြိး ဒဏ်ရာရရှိသွားသူ ၁၁ ဦးအနက် ရှစ်ဦးမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဒုတိယရဲမင်းကြီး ရှာဟစ်နာဒမ်ဘာလောခ်ျက ပြောကြားသည်။ သေဆုံးသူ အမျိုးသမီး၏ အလောင်းကို ဆေးရုံသို့ ယူသွားသည်။ ထိုဆေးရုံမှလာသော သတင်းအရ သေဆုံးသူအမျိုးသမီးမှာ အမေရိကန်သံရုံး၌ တာဝန်ထမ်းဆောင်နေသော သူနာပြုတစ်ဦး ဖြစ်သည်ဟု ဆိုသည်။ ဒဏ်ရာရရှိသွားသူများတွင် အမေရိကန်သံရုံးဝန်ထမ်းများ ပါဝင်ကြောင်း အတည်ပြုသော်လည်း သေဆုံးမှုကိုမူ သံရုံး ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကေးမေဖီးက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ယခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံ၌ ဖြစ်ပွားသော ဗုံးခွဲမှုနှင့် ဆူပူသောင်းကျန်းမှုများကြောင့် သေဆုံးရသူ ပြည်သူဦးရေမှာ ၅၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သတင်းက ဖော်သည်။