အစ္စရေးက စစ်ရေးအရ အရှိန်မြှင့်တိုက်ခိုက်မည်
ဂါဇာကမ်းမြောင်အခြေစိုက် ပါလက်စတိုင်း စစ်သွေးကြွများက အစ္စရေးပြည်သူလူထုအား ရော့ကက်ဒုံးကျည်များ ၊ စိန်ပြောင်းများဖြင့် ဆက်လက်တိုက်ခိုက်နေသည့် ကာလပတ်လုံး ဂါဇာကမ်းမြောင် အပါအ၀င် ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းရေး မျှော်လင့်ချက် မရှိနိုင်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဇီပီလစ်ဗ်နီက တနင်္ဂနွေနေ့တွင် ပြောကြားကြောင်း အစ္စရေး ဟာရက်ဇ်သတင်းစာက ရေးသားသည်။
ဟားမတ်စ်အုပ်စုများနှင့်အတူ ပါလက်စတိုင်း ပြည်သူလူထုအတွက် မျှော်လင့်ချက်မရှိကြောင်း ၊ မည်သည့် ငြိမ်းချမ်းရေးမဆိုနှင့် ဂါဇာကမ်းမြောင်အပါအ၀င် ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းရေးကိစ္စသည် အခြေခံအချက်အလက် လက်တွေ့ပြောင်းလဲမှုမရှိဘဲ မျှော်လင့်ဖွယ်ရာမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အစ္စရေးညီအစ်ကိုနှစ်ဦး ကက်စ်ဒါရော့မြို့တွင် ရော့ကက်ဒုံးကျည်ဖြင့် အပစ်ခံရပြီး ဒဏ်ရာရရှိခဲ့ပြီး နောက်တစ်ရက်တွင် လစ်ဗ်နီက ဝေဖန်ပြောကြားခြင်း ဖြစ်သည်။
ယင်းတိုက်ခိုက်မှုများ ရပ်ဆိုင်းရေးအတွက် အစ္စရေးက စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်နေသည်ကို နိုင်ငံတကာ အသိုင်းအ၀န်းက သိရှိနားလည်ထားရန် လိုအပ်ကြောင်းနှင့် ဂါဇာကမ်းမြောင်တွင် အစ္စရေးက စစ်ရေးအရ အရှိန်မြှင့်တိုက်ခိုက်မည်ဖြစ်ကြောင်း လစ်ဗ်နီက အရိပ်အမြွက်ပြောကြားသည်။

0 comments:
Post a Comment