၂၀၀၈ခုနှစ် ၊ ဇန်န၀ါရီ ၃၁ ရက်၊ နံနက် ၅ နာရီအချိန်တွင် တာမွေမြို့နယ်၌ နေထိုင်သူ ဦးနေ၀င်းလှိုင် ၄၃နှစ်သည် ကန်တော်ကြီး၊မြေပဒေသာကျွန်းအတွင်း ဆင်ရုပ်များအနီးတွင် ယင်းပိုင် ဗ/၈၉၅ အက်စ်အီးဆလွန်း အဖြူရောင် ကိုယ်ပိုင်ယာဉ် (တန်ဖိုး ကျပ်သိန်း ၁၂၀)အား ရပ်ထားပြီး၊ လမ်းလျှောက်သွားရာမှ ၄၅ မိနစ်ခန့် အကြာ ပြန်လည်ရောက်ရှိစဉ် ယာဉ်မှာပျောက်ဆုံးနေသည်။
ယာဉ်နှင့်အတူလက်ကိုင်ဖုန်း ၁ လုံး၊ ငွေ ၃၀၀၀ ကျပ်နှင့်ယာဉ်မောင်းလိုင်စင်တို့ပါရှိသွားကြောင်း ဗဟန်းရဲစခန်းသို့အကြောင်းကြားလာခဲ့သဖြင့် ရန်ကုန်တိုင်းရဲစခန်းသို့ အကြောင်းကြားလာခဲ့သဖြင့် ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ကချက်ချင်းအောက်ခြေအဆင့်ထိ သတင်းချပြ၍ ပိတ်ဆို့ဖမ်းဆီဆောင်ရွက်စေခဲ့ရာ နံနက် ၈နာရီ ၂၅ မိနစ်တွင် ဒုရဲမှူးမြင့်အောင် ဦးစီးယာဉ်ထိန်းတပ်ဖွဲ့က တိုးကြောင်ကလေးဘူတာအနီး ရထားသံလမ်း ဂိတ်တွင် ပျောက်ဆုံးနေသောယာဉ်အား လင်းလင်း(ခ)လင်းလင်းအောင် ၃၅ နှစ်၊ (ဘ)ဦးလင်းအောင်၊ သင်္ကန်း ညီနောင်ရွာ၊ မြ၀တီမြို့နေသူနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ လင်းလင်း(ခ)လင်းလင်းအောင်အား စစ်ဆေးချက်အရ ၄င်း၏အမည်၊ နေရပ်မှန် မှာ အောင်ကျော် ၃၅ နှစ်၊ အမှတ် ၁၃၂၊ ယုဇနလမ်း၊ ၁၄ ရပ်ကွက်၊ တောင်ဥက္ကလာဖြစ်ကြောင်း၊ ၄င်းသည် ၁၉၉၉ ခုနှစ်က ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်းနှင့် လသာမြို့နယ်များမှ ကားခိုးမှု ၇ မှုဖြင့်ပြစ်ဒဏ် ၁၉ နှစ်ကျကာ သာယာဝတီထောင်သို့ရောက်ရှိခဲ့ပြီး၊ ရဲဘက်စခန်းမှ ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလခန့်တွင် ထွက်ပြေးခဲ့သော ရဲဘက်ပြေးတစ်ဦးဖြစ်ကြောင်း သိရသည်။ ၂၀၀၆၊ မေလတွင် လသာမြို့နယ်၌ ကားခိုးမှု ၂ ခု ကျူးလွန်ခဲ့ပြီး ဖမ်းဆီးခံရစဉ် လင်းလင်း(ခ)လင်းလင်းအောင် (ဖ)ဦးလင်းအောင်၊ သင်္ကန်းညီနောင်ရွာ၊ မြ၀တီမြို့ နယ်နေသူဟု အမည်နှင့်လိပ်စာများ လှီးလွှဲပြောဆိုခဲ့ကြောင်း နှင့် ၄င်းအမှု ၂ မှုနှင့်ပြစ်ဒဏ် ၆ နှစ်ကျခံခဲ့ရာ ၂၀၀၇ခု ဒီဇင်ဘာ ၁၅ ရက်တွင် တွံတေးမြို့နယ်၊ ရွှေသဌေးရဲဘက်စခန်းမှ ထပ်မံထွက်ပြေးခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ယခုကားခိုးမှုအား ကျူးလွန်ထွက်ပြေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အောင်ကျော်(ခ)လင်းလင်းအောင်သည် ခိုးယူရရှိသောကားများမှ ယာဉ်မောင်းဆီထုတ်ယူ ရောင်းချခြင်း၊ အလွယ်တကူဖြုတ်ယူနိုင်သည့်ကာအပိုပစ္စည်းများအား ဖြုတ်ယူရောင်ချခြင်းတို့ပြုလုပ်ပြီးယာဉ်အားမြို့စွန် များ တွင်ရပ်ထား ခဲ့လေ့ရှိကြောင်း ဖော်ထုတ်သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဗဟန်းရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၇၉ (ကား)ဖြင့် အမှုဖွင့်ပြီး ပြစ်ချက်ဟောင်းများ ဖော်ထုတ်စစ်ဆေးကာ ထိရောက်ပြစ်ဒဏ်ရရှိရေး အတွက် အမှုအားခိုင်မာစွာတည်ဆောက် လျက်ရှိကြောင်း သတင်းရရှိသည်။