ရီပတ်ဘလီကန်ပါတီ၏ အကြိုအခြေခံ သမ္မတလောင်းရွေးပွဲကို ဖလော်ရီဒါပြည်နယ်တွင် အင်္ဂါနေ့ကကျင်းပရာ အရီဇိုးနားပြည်နယ် ဆီးနိတ်ကိုယ်စားလှယ် ဂျွန်မက်ကိန်းက မဲအရေအတွက်အသာဖြင့် ယှဉ်ပြိုင်ဘက် မစ်ရွမ်နေးကို အနိုင်ရရှိသွားသည်။
ထိုရွေးချယ်ပွဲတွင် ရီပတ်ဘလီကန်ပါတီမှ လေးဦးပါဝင်ယှဉ်ပြိုင်ရာ မက်ကိန်းက စုစုပေါင်းမဲ၏ ၃၆ ရာခိုင်နှုန်း ကိုလည်းကောင်း ၊ ရွမ်နေးက စုစုပေါင်း၏ ၃၁ ရာခိုင်နှုန်းကိုလည်းကောင်း အသီးသီးရရှိသည်။အခြားယှဉ်ပြိုင်သူ နယူးယောက်မြို့တော်ဝန်ဟောင်း ရူဒီဂူလီယာနီမှာ မဲစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းကို ရရှိပြီး တတိယနေရာရကာ အာကင်ဆတ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟာကဘီမှာ မဲစုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းကိုသာ ရရှိသည်။
မက်ကိန်းမှာ ဖလော်ရီဒါရွေးပွဲတွင် အနိုင်ရရှိလိုက်သည့်အတွက် လာမည့်အကြို အခြေခံရွေးပွဲများတွင် အနိုင် ရရှိရန် အရှိန်အဟုန်ကောင်း ရရှိသွားပြီ ဖြစ်သည်။
ရွမ်နေးသည် ပြည်နယ်သုံးခုတွင် အနိုင်ရရှိထားသူဖြစ်၍ တောင်ကယ်ရိုလိုင်းနားနှင့် ဖလော်ရီဒါတို့တွင် ရှုံးနိမ့်ခဲ့ရသော်လည်း သမ္မတလောင်းရွေးပွဲတွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။