ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အိန္ဒိယအား အမြဲတမ်းအဖွဲ့ဝင်နေရာတစ်နေရာပေးရေး ဗြိတိန်ဝန်ကြီးချုပ် ဘရောင်းထောက်ခံ
အိန္ဒိယသို့ အလည်အပတ်ရောက်ရှိနေစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အိန္ဒိယနိုင်ငံအား အမြဲတမ်းအဖွဲ့ဝင်နေရာရရှိရေး ထောက်ခံမှုပေးခဲ့ကြောင်း သိရသည်။ ဘရောင်းက အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ရပ်တည်လာနိုင်ခြင်းနှင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်နေခြင်းက လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နေရာတစ်နေရာ ရရှိသင့် ကြောင်း ပြောကြားခဲ့သည်။ “အိန္ဒိယဟာ စံနမူနာကောင်းရှိတဲ့ အင်မားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်”ဟု ဘရောင်း က ဆိုသည်။
ဆက်လက်၍ ၀န်ကြီးချုပ်ဘရောင်းက ကုလသမဂ္ဂအား ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် တောင်းဆိုလိုက်ပြီး လက်ရှိလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံရိှနေခြင်းအဖြစ် နောက်ထပ် အိန္ဒိယ၊ ဂျပန်၊ ဂျာမနီ၊ ဘရာဇီးလ်နှင့် အာဖရိကတိုက်မှတစ်နိုင်ငံအား အမြဲတမ်းအဖွဲ့ဝင်များအဖြစ် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်အပြင် ဂျီ-၈ အဖွဲ့တို့ကိုလည်း ပြုပြင်ပြောင်းလဲ ရန် တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံမှအပြန် အိန္ဒိယသို့နှစ်ရက်ကြာခရီးစဉ်အတွင်း ဘရောင်းသည် အိန္ဒိယ သမ္မတ ၊ ၀န်ကြီးချုပ်၊ ပြည်ပရေးရာဝန်ကြီးအပြင် အိန္ဒိယထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံ ခဲ့သည်။ ဘရောင်းသည် အိန္ဒိယနိုင်ငံရှိ ပညာရေးနှင့် ကျန်းမာရေးများအတွက် အပိုရန်ပုံငွေ ပေါင် ၈၂၅သန်းကို သုံးနှစ်စာအဖြစ် ထောက်ပံ့ပေးရန် ကြေငြာခဲ့သည်။

0 comments:
Post a Comment