ညဆိုင်းဖြင့် အလုပ်လုပ်ရသူများသည် ကင်ဆာရောဂါဖြစ်နိုင်ကြောင်း “The Lancet” က ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။ထိုအစီရင်ခံစာမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသန အေဂျင်စီက ထုတ်ပြန်သောအစီရင်ခံစာဖြစ်ပြီး ဆေးသိပ္ပံပညာရှင် (၄၄)ဦးက နိုင်ငံပေါင်း (၁၀)နိုင်ငံ၌ လေ့လာတွေ့ရှိချက်ကို တင်ပြထားခြင်း ဖြစ်သည်။ အစီရင်ခံစာက “ညဘက်အလုပ်ဆင်းရသော အလုပ်သမားများနှင့် ကင်ဆာ ရောဂါတို့အကြား ဆက်စပ်မှုကို အကန့်အသတ်ဖြင့်ရှိသော အထောက်အထားများ အဖြစ်သာတွေ့ရသည်။ သို့သော် ညဆိုင်း သူနာပြုဆရာမများတွင် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း ပိုများသည်” ဟုတင်ပြထားသည်။ အစီရင်ခံစာပါ လေ့လာချက်များသည် စောင့်ကြည့်သတိပြုထားသည့် လေ့လာချက်မျှသာ ဖြစ်သော်လည်း “ညဆိုင်းအလုပ်လုပ်ခြင်းကြောင့် ကင်ဆာဖြစ် ရသည်" ဆိုသော အချက်ကို အတိအကျ မပြောနိုင်သေးပါ။ စင်စစ်ကင်ဆာရောဂါ ဖြစ်ရန်အတွက် မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကလည်း အထောက်အကူပြုလေ့ရှိသည်။ ထို့ကြောင့် သိပ္ပံ ပညာရှင်များက ညဘက်၌ တိရိစ္ဆာန်များ၏ ခန္ဓာကိုယ်နာရီ (Body Clock) မည်ကဲ့သို့ ထိခိုက်မှု ရှိသည်ကို လေ့လာချက်ရှိသည်။ ဤသို့ လေ့လာ ကြည့်သည့်အခါ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နာရီပြောင်းလဲမှု (နေ့၊ည ပြောင်းလဲမှု)က ကင်ဆာရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်မှုရှိကြောင်း လုံလောက်သော အထောက် အထားများ တွေ့ရသည်။ ထို့ကြောင့် သိပ္ပံပညာရှင်များက “ညဆိုင်းအလုပ်လုပ်သူများရှိသည့် လုပ်ငန်း များသည် လုပ်သားများကို ကင်ဆာရောဂါဖြစ်နိုင်ချေပိုများစေနိုင်သည် “ဟု ကောက်ချက်ချကြသည်။ ဆေးဆိုးသမားများ၊ ဆေးသုတ်သမားများ၊ မီးသတ်သမားများသည်၊ လုပ်ငန်းခွင်အတွင်း ဓာတုဗေဒပစ္စည်းများနှင့် အမြဲတစေထိတွေ့နေရမှုကြောင့် ကင်ဆာရောဂါဖြစ်နိုင်ခြေပိုများကြောင်းကိုလည်း အဆိုပါဆေးသိပ္ပံပညာရှင်က အစီရင်ခံ တင်ပြထားကြသည်။