နိုင်ငံတော်အေးချမ်းသာယာရေးနှင့်သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ(၂/၂၀၀၇)တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၏ ပမာဏရှင်းလင်းပြောကြားချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-


အဓိကထားဖော်ဆောင်
်နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်တာဝန်ကိုလက်ခံတာဝန်ယူပြီးချိန်ကစပြီး ပြည်သူတွေလိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ်ပန်းတိုင်သို့ အမြန်ဆုံး ရောက်ရှိအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီမိုကရေစီစနစ်ကိုကျင့်သုံးမယ်ဆိုရင် ဒီမိုကရေစီကျင့်စဉ်တွေကို စနစ်တကျထိန်းကျောင်းပေးနိုင်ဖို့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ၁၉၇၄ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဆိုတာဟာလည်း တစ်ပါတီစနစ်၊ ဆိုရှယ်လစ်စနစ်ကို အခြေခံထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ပြောင်းလဲကျင့်သုံမယ့် ဒီမိုကရေစီစနစ်နဲ့ ဘယ်လိုမှ အံမ၀င်နိုင်တော့ပါဘူး။ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ မူဝါဒလမ်းစဉ် (၇)ရပ်ကို ချမှတ်ပြီး ဒီမိုကရေစီပန်းတိုင်ကို စနစ်တကျ ချီတက်လှမ်းကိုင်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ယခုအခါ အဆင့်(၃) ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲပေါ်ပေါက်ရေးကို အဓိကထား ဖော်ဆောင်လျက်ရှိပါတယ်။
မူဝါဒလမ်းစဉ်(၇)ရပ်ရဲ့ ပထမအဆင့်ဖြစ်တဲ့ အမျိုးသားညီလာခံကြီးကို ၂၀၀၇ခုနှစ်၊ စက်တင်ဘာ(၃)ရက်နေ့မှာ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီး ဖွဲ့စည်း ပုံအခြေခံဥပဒေရေးဆွဲရာမှာ အခြေခံရမယ့် အခြေခံမူုများနဲ့ အသေးစိတ်အခြေခံရမယ့်မူများကိုလည်း တညီတညွတ်တည်း ဆုံးဖြတ်ချမှတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ တကယ်တော့ ဒီအမျိုးသားညီလာခံကြီးဟာ လွယ်လွယ်ကူကူနဲ့ ပြီးမြောက်အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီပြည်တွင်း ပြည်ပ ဆန့်ကျင်နှောက်ယှက်မှုတွေ၊ အဟန့်အတား အခက်အခဲတွေ အမျိုးမျိုးကြားထဲကနေ နိုင်ငံတော်နှင့် ပြည်သူအားလုံးရဲ့တညီတညွတ်တည်း လက်တွဲကြိုးပမ်း ဖော်ဆောင် ခဲ့မှုတွေကြောင့်သာ အခုလိုအပြည့်အ၀ အောင်မြင်ပြီးမြောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ပူးပေါင်းဆောင်ရွက်
ယနေ့ပြည်သူအားလုံးက ဒီမိုကရေစီကို လိုလားကြတယ်ဆိုတာ အထူးပြောဖို့ မလိုတော့ပါဘူး။ တကယ်တော့ ပြည်သူအားလုံးက သာမက ကမ္ဘာ့နိုင်ငံအသီးသီးကလည်းကောင်း၊ ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံများကလည်းကောင်း၊ ဒီမိုကရေစီကို လိုလားထောက် ခံကြပါတယ်။ အလားတူ ယနေ့ဆန့်ကျင်ဘက် အဖျက်လုပ်ရပ်တွေကို တစိုင်းမတ်မတ် ဦးတည်ကြိုးပမ်းလုပ်ဆောင်နေတဲ့ ပြည်တွင်း ပြည်ပ ဆန့်ကျင်ဘက်အဖွဲ့များကလည်း ဒီမိုကရေစီလိုလားတယ်လို့ ဆိုကြပါတယ်။ နိုင်ငံတော်အစိုးရကလည်း ဒီမိုကရေစီကို အမှန်တကယ်ပင် လိုလားပါတယ်။ ဒါဆိုရင် ဒီမိုကရေစီလိုလားသူများအချင်းချင်း ပူးပေါင်းလက်တွဲပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးကို တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြဖို့ပဲ ရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ပြည်ပနိုင်ငံများကလည်း ကျွန်တော် တို့နိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးကို ၀ိုင်းဝန်းအားပေး ပူးပေါင်းဆောင်ရွက်ပေးကြရမှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့ဖြစ်နေတဲ့ အခြေအနေတွေက ဒီလိုမဟုတ်ပါဘူး။ အမျိုးသားညီလာခံကြီးပြီးမြောက်လို့ မူဝါဒလမ်းစဉ်(၇)ရပ်ကို အရှိန်အဟုန်နဲ့ မြှင့်တင်ဆောင်ရွက်နိုင်တော့မယ့် အခြေအနေကို ရောက်ရှိလာတဲ့အချိန်မှာ ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက်အုပ်စုများအနေနဲ့ ယခင်မူလက ဆန့် ကျင်လှုပ်ရှားမှုတွေထက်ပိုမိုပြီး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လာတာကို တွေ့ရှိရပါတယ်။ အနောက်နိုင်ငံကြီးအပါအ၀င် အချို့နိုင်ငံများကလည်း ဆန့်ကျင်ဘက်အင်အားစုများကို ငွေအား၊ ပစ္စည်းအား၊ အကြံဥာဏ်အား ၊ အကွက်ချစီမံမှုအားများနဲ့ ယခင်ကထက်ပိုပြီး အားပေးအားမြှောက်ပြုလာ တာကို တွေ့ရှိလာရပါတယ်။ ပြည်တွင်းပြည်ပပူးပေါင်းပြီး အမျိုးသားညီလာခံပျက်ပြားအောင် ၊ မူဝါဒလမ်းစဉ်(၇)ရပ် ရပ်တန့်နှောင့်နှေးပျက်ပြားသွား အောင် အဓိကဦးတည်ချက်ထားပြီး ၀ိုင်းဝန်းထိုးနှက် တိုက်ခိုက်လာခဲ့ကြပါတယ်။ နိုင်ငံတော်ဆန်ကျင်ရေး လှုပ်ရှားမှုတွေကို အရှိန်အဟုန်မြှင့်တထက် မြှင့်ရင်း အစိုးရအပြောင်းအလဲဖြစ်သည်အထိ ရည်မှန်းပြီး ကြိုးပမ်းဆောင်ရွက်လာခဲ့ကြပါတယ်။

ဆန့်ကျင်ထိုးနှက်
ဒါကလည်း အကြောင်းတွေရှိနေပါတယ်။ အနောက်အင်အားကြီးနိုင်ငံအနေနဲ့ က သူတို့ကလိုလားပြီး သူတို့ကိုလည်းလိုလားတဲ့အဖွဲ့တွေ အာဏာရ ရှိအောင် လုပ်ပေးချင်နေသလို ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီကြီးနဲ့ ဆန့်ကျင်ဘက် အုပ်စုတွေကလည်း ပါးစပ်ကသာ ဒီမိုကရေစီလို့ပြောနေကြပေမယ့် လက်တွေ့မှာ ဒီမိုကရေစီရေးကို ဦးတည်ကြိုးပမ်းခြင်း လုံးဝမရှိဘဲ သူတို့အာဏာရရှိရေးကိုသာ ဦးတည်ကြိုးပမ်းနေ ကြပါတယ်။ ယနေ့အခြေအနေမှာ အမျိုးသားညီလာခံ အောင်မြင်ပြီးမြောက်ခြင်းနဲ့အတူ မူဝါဒလမ်းစဉ်(၇)ရပ်အတိုင်း ဆက်လက် အကောင်အထည် ဖော်နိုင်ဖို့ အခြေအနေကောင်းတေ ပွင့်လန်းဝေဆာလာတာနဲ့အမျှ သူတို့အာဏာရရှိဖို့ အခွင့်အလမ်းပိုမိုပြီး မှေးမှိန်လာခဲ့တဲ့အတွက် မူဝါဒလမ်းစဉ် (၇)ရပ်အပေါ် ဆန့်ကျင်ထိုးနှက်တိုက်ခိုက်မှုတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်လာကြခြင်းပဲ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက်အဖွဲ့များအနေနဲ့ ၂၀၀၆နှစ်လောက်ကစပြီး အစိုးရဆန့်ကျင်ရေးလုပ်ငန်းစဉ် ပိုမို ထိရောက်မှုရှိစေရန်အတွက် မဟာ ဗျူဟာ(၃)ရပ်ချမှတ်ပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ ပထမ မဟာဗျူဟာကတော့ အမျိုးသားညီလာခံပျက်အောင်လုပ်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲနိုင်အောင်လုပ်ဖို့၊ ရေးဆွဲနိုင်သည့်တိုင် ပြည်သူများက အတည်မပြုနိုင်အောင် လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ ဒုတိယမဟာဗျူဟာကတော့ ၈၈ခုနှစ် အရေးအခင်းကဲ့သို့ ဆူပူအုံကြွမှုထပ်မံဖြစ်ပေါ်အောင် လုပ်ဖို့ဖြစ်ပါတယ်။ တတိယမဟာဗျူဟာကတော့ မြန်မာနိုင်ငံအတွင်းမှာ ဖောက်ခွဲဖျက်ဆီး မှုများအပါအ၀င် အကြမ်းဖက်မှုများ ဘက်ပေါင်းစုံမှ ဖြစ်ပေါ်စေရန် ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လနှင့် စက်တင်ဘာလဖြစ်စဉ် များဟာ ဒီမဟာဗျူဟာ(၃)ရပ်ကို အခြေခံပြီး အနောက်နိုင်ငံကြီးနှင့် ပြည်တွင်းပြည်ပ၊ နယ်စပ်ရှိ အစိုးရဆန့်ကျင်ရေးအဖွဲ့များက အချိန်ကိုက် အကွက်ချ စီစဉ်ညွှန်ကြားပြီး ၀ိုင်းဝန်းထိုးနှက် လုပ်ဆောင်ခဲ့ကြခြင်းသာဖြစ်ပါတယ်။

သွေးထိုးလှုပ်ရှား
ဒီမဟာဗျူဟာ(၃)ရပ်ကို အထောက်အကူဖြစ်စေဖို့အတွက် အနောက်နိုင်ငံကြီးအပါအ၀င်နိုင်ငံအချို့က ကုလသမဂ္ဂလုံချြုံရေးကောင်စီ၊ ILO၊ လူ့အခွင့် အရေးကောင်စီတို့ကိုအသုံးချပြီး မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် ဖိနှိပ်အရေးယူနိုင်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ပြည်တွင်းပြည်ပရှိ အစိုးရ ဆန့်ကျင်ရေးအဖွဲ့များကို ဆန့်ကျင်ရေးသင်တန်းများပေးခြင်း ၊ ငွေကြေး၊ ပစ္စည်းများထောက်ပံ့ပေးခြင်း ၊ အစီအမံများချမှတ် ညွှန်ကြားချိတ်ဆက်ပေး ခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။ ပြည်တွင်းရှိ နိုင်ငံရေးပါတီတစ်ခုနဲ့ ဆန့်ကျင်ရေးအုပ်စုများကလည်း နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ၊ ဆူပူအကြမ်း ဖက်မှုတွေအထိ ဖြစ်ပေါ်လာအောင်၊ ၄င်းမှတဆင့် အစိုးရပြုတ်ကျပြီး ၄င်းတို့အာဏာရအောင် နည်းအမျိုးမျိုးနဲ့ သွေးထိုးလှုပ်ရှားဆောင်ရွက်ခဲ့ကြ ပါတယ်။
ဆန့်ကျင်ဖက်အင်အားစုများအနေနဲ့သြဂုတ်လနဲ့ စက်တင်ဘာလဖြစ်စဉ်များမတိုင်မီကပင် သူတို့ရဲ့ မဟာဗျူဟာ(၃)ရပ်ကို အခြေခံပြီး ဆူပူအုံကြွ မှုတွေ ဖန်တီးနိုင်ဖို့ အခြေခံတည်ဆောက်မှု၊ လှုပ်ရှားမှု၊ စည်းရုံမှုများအတွက် အခွင့်အလမ်းရှာကြံခဲ့ကြပါတယ်။ လှုပ်ရှားလုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီ လို လုပ်ဆောင်နိုင်ဖို့ ပြည်ပကလည်း အစီအမံများကို အကွက်ချ စီမံညွှန်ကြားပေးခဲ့ပါတယ်။ ဆန့်ကျင်ဖက်အင်အားစုများအနေနဲ့ ကျောင်းသားထု၊ အလုပ်သမားထုများအတွင်းမှာသာမက ၀န်ထမ်းများနဲ့ တပ်မတော်သားမျာျးအတွင်းထိအောင် ၀င်ရောက်ထိုးဖောက်ပြီး အမာခံမြှပ်နှံခြင်း၊ စည်းရုံးလှုံ့ ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။ အလားတူ သံဃာထုအတွင်းမှာလည်း ၀င်ရောက်ထိုးဖောက်ပြီး အမာခံများမြှပ်နှံကာ စည်းရုံးသွေးထိုးမှုများ၊ လှုံ့ဆော်မှုများ တင်ကူးကြံစည်ဆောင်ရွက်ခဲ့ကြပါတယ်။

အချိန်ကိုက်ဖောက်ခွဲ
အဲ့ဒီလို ပြည်တွင်းပြည်ပပူးပေါင်းကာ အစီအမံတွေလုပ်ပြီး အခွင့်အလမ်းရှာကြံနေချိန်မှာ နိုင်ငံတော် အစိုးရအနေနဲ့ မလွှဲမရှောင်သာ စက်သုံးဆီဈေးနှုန်းများ အထိုက်အလျေက်မြှင့်တင်ခဲ့ရပါတယ်။ အဲဒီအခြေအနေအပေါ် အခွင့်ကောင်းယူကာ ဆန့်ကျင်ဘက်အုပ်စုတွေအနေနဲ့ ပြည်သူများအတွင်း ဆူပူလှုပ်ရှားမှုတွေဖြစ်ပေါ်လာအောင် မူလက စီမံဖန်တီးစည်းရုံးထားတဲ့ အဖွဲ့များကိုသုံးပြီး နည်းမျိုးစုံနဲ့ လှုံ့ဆော်ဖန်တီးဆောင်ရွက်ခဲ့ကြပါတယ်။ အမှန်တော့ ဆူပူအကြမ်းမဖြစ်ဖြစ်အောင်ဖန်တီးဖို့ မူလက ကြိုတင်ရှိထားပြီးသား အစီအမံတွေပေါ်မှာစက်သုံးဆီဈေးနှုန်းကိစ္စကို လတ်တလောအကြောင်းပြပြီး ဒီသြဂုတ်လ၊ စက်တင်ဘာလဖြစ်စဉ် ဖြစ်ပေါ်လာအောင် အချိန်ကိုက်ဖောက်ခွဲလိုက်ခြင်းသာဖြစ်ပါတယ်။
သူတို့အနေနဲ့ ဗကပနဲ့ ဂျင်းရှပ်ရဲ့ နည်းနာများအတိုင်း ကျောင်းသားထု၊ အလုပ်သမားထုအတွင်းသာမက ၀န်ထမ်းနှင့် တပ်မတော်သားများအတွင်း မှာပါမကျန် အမာခံစာရင်းများသွင်းပြီး လှုံ့ဆော်သွေးထိုးခြင်း၊ အလံရှူးများအသုံးပြုပြီး ပြည်သူက ပူးပေါင်းပါဝင်လာသယောင် ဆွဲဆောင်စည်းရုံးခြင်း များ ပြုလုပ်ခဲ့ကြပေမယ့် လုံးဝအောင်မြင်မှုမရခဲ့ပါဘူး။ ကျောင်သားများ၊ အလုပ်သမားများ၊ ၀န်ထမ်းများ၊ တပ်မတော်သားများအနေနဲ့ ဆန့်ကျင်ဘက် အင်အားစုများရဲ့ မလျော်ကန်တဲ့ အကြံအစည်ကိုလည်းကောင်း ၊ နိုင်ငံတော်ရဲ့ လက်တွေ့အခြေအနေမှန်များကိုလည်းကောင်း ၊ သိမြင်နားလည်ပြီး သားဖြစ်တဲ့အတွက် သူတို့ဆွဲဆောင်စည်းရုံးတဲ့အတိုင်း လိုက်ပါမလာခဲ့ခြင်းသာဖြစ်ပါတယ်။ ဒါပေမယ့် လူမှုလောကီကိစ္စများနဲ့ကင်းဝေးပြီး သာသနာ ရေးမှာလည်း ပျော်မွေ့နေတဲ့ သံဃာအချို့အနေနဲ့ကတော့ ဒီလိုအခြေအနေတွေကို တကယ်တမ်း သိနားလည်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ဆန့်ကျင်ဘက် အင်အားစုတွေရဲ့ မဟုတ်မမှန်လုပ်ကြံဖန်တီးမှုများကို အဟုတ်အမှန်ထင်ပြီး သူတို့ရဲ့ စည်းရုံူးဆွဲဆောင်ရာနောက်ကို ပါသွားကို သံဃာဆူပူဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်ခဲ့ရခြင်းဖြစ်ပါတယ်။

ရောယောင်လိုက်ပါ
ဖြစ်စဉ်များဖြစ်ပွားပြီးနောက် အခြေအနေများကို စစ်ဆေးဖော်ထုတ်နိုင်တဲ့အခါမှာတော့ ဒါတွေမဖြစ်ပေါ်မီကပင် သံဃာအရေခြုံထားတဲ့ ထောင်ထွက် သံဃာအတုအယောင်များက ပြည်တွင်းပြည်ပ အစိုးရဆန့်ကျင်ရေးအုပ်စုများနဲ့ ပေါင်းမိပြီး တင်ကူးကြံစည်ကာ ကြိုတင်အကွက်ချ စီမံဆောင်ရွက်ခဲ့ ကြတာဖြစ်ကြောင်း၊ အထင်အရှား ဖော်ထုတ်တွေ့ရှိရပါတယ်။သံဃာ ဆူပူလှုပ်ရှားမှုများရဲ့ ကနဦး ဦးဆောင်အဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်း ပျိုများ သမဂ္ဂအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံလုံဆိုင်ရာ သံဃာတပ်ပေါင်းစုမှာ ပါဝင်တဲ့ သံဃာများဟာလည်း ထေရ်ကြီး ၊၀ါကြီး သံဃာတော်များ မဟုတ်ကြဘဲ ဥပဒေကျူးလွန်၊ ပြစ်မှုများကျူးလွန်ခဲ့ကြဖူးပြီး အမာခံများအဖြစ် စည်းရုံးသိမ်းသွင်း၊ လေ့ကျင့်မွေးမြူခြင်း ခံထားရတဲ့ တိုက်အုပ်/စာချအဆင့် သံဃာငယ်များသာဖြစ်ကြပါတယ်။ သို့သော် အဆိုပါ တိုက်အုပ်/စာချအဆင့် သံဃာများဟာ စာသင်သားသံဃာငယ်များအပေါ် များစွာသြဇာလွှမ်းမိုးမှုရှိတဲ့အတွက် သူတို့ဦးဆောင်ရာနောက်ကို စာသင်သားသံဃာငယ်များရောယောင်လိုက်ပါခဲ့ ကြခြင်း ဖြစ်ကြောင်းလည်း တွေ့ ရှိရပါတယ်။
ဒါ့အပြင် အစိုးရဆန့်ကျင်ရေး အင်အားစုများအနေနဲ့ ဆူပူအုံကြွမှုများ လှုံ့ဆော်ဖန်တီးရာမှာ ဂီတနဲ့ရုပ်ရှင်နယ်ပယ်မှ အနုပညာရှင်များကိုလည်းကောင်း၊ စာပေနယ်ပယ်မှ စာပေလောကသားများကိုလည်းကောင်း စည်းရုံးသွေးထိုးပြီး သူတို့ဘက်ပါလာအောင် ကြိုးပမ်း လုပ်ဆောင်ခဲ့တာတွေကိုလည်း တွေ့ရှိရပါတယ်။ ဆူပူဆန့်ကျင်မှုတွေဟာ အောင်မြင်နိုင်မယ့် အခြေအနေရောက်နေပြီလို့ ယုံကြည်မျှော်လင့်ပြီး မူလကပင် အမျိုးသားရေးစိတ်ဓာတ်၊ ကိုယ်ခံအားနည်းခဲ့ကြတဲ့ အနုပညာရှင်၊ စာပေပညာရှင်အနည်းငယ်သာ သူတို့စည်းရုံးဆွဲဆောင်ရာနောက်ကို ပါသွားခဲ့ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဂီတ၊ ရုပ်ရှင်နယ်ပယ်မှ အနုပညာရှင်များနဲ့ စာပေလောကသားအားလုံးနီးပါးက အမျိုးသားရေးစိတ်ဓါတ် ကိုယ်ခံအားကောင်းစွာနဲ့ နိုင်ငံနဲ့ပြည်သူဘက်က ခိုင်ခိုင်မာမာရပ်တည်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအားနည်းခဲ့ကြတဲ့ စာပေနဲ့ အနုပညာရှင်အချို့အပေါ်မှာလည်း သဘောထားကြီးစွာနဲ့ စိတ်ကောင်းစေတနာထားပြီး ခွင့်လွှတ်ခဲ့တာကို အားလုံး အသိပဲဖြစ်ပါတယ်။

တင်ကူးကြံစည်
ဖြစ်စဉ်တစ်ခုလုံး ၊ ဖြစ်ရပ်အားလုံးကို စစ်ဆေးဖော်ထုတ်ရရှိတဲ့အခါမှာတော့ ပြည်သူလူထုနဲ့ သံဃာအများစုက အစိုးရအပေါ် မကျေ နပ်လို့ ဆူပူဆန္ဒပြတာမျိုးမဟုတ်ဘဲ အနောက်အင်အားကြီးနိုင်ငံနဲ့ ပြည်တွင်းပြည်ပရှိ ဆန့်ကျင်ဘက် ပါတီအဖွဲ့အစည်းများ၊ ပြည် ပြေးများက မူလကပင် ဆန့်ကျင်ဘက်အစိုးမြင်ဝါဒီများဖြစ်တဲ့ ထောင်ထွက်သံဃာအတုအယောင်အချို့ကို အသုံးချပြီး ရည်ရွယ်ချက် ရှိရှိနဲ့ တင်ကူးကြံစည် အကွက်ချဖော်ဆောင်သွားခြင်းသာဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစွာ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်လည်း အဆိုပါ ဆူပူမှုများမှာ ပြည်သူအများစု မပါဝင်သလို သံဃာအများစုလည်း မပါဝင်ခဲ့ဘူးဆိုတာ အတည်ပြုပြော ကြားလိုပါတယ်။
တကယ်တော့ သြဂုတ်လနဲ့ စက်တင်ဘာလဖြစ်စဉ်များဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှိုင်းစာရင်သော်လည်းကောင်း၊ အခြားနိုင်ငံများ၏ ဖြစ်စဉ် များနှင့် နှိုင်းစာရင်သော်လည်းကောင်း ဘာမှမပြောပလောက်ပေမယ့် နိုင်ငံတကာမီဒီယာများက တကယ့်ဖြစ်ရပ်မှန်များကို မျက်ကွယ်ပြုပြီး အစိုးရ ဆန့်ကျင်ရေးအဖွဲ့များ လိုချင်တဲ့ပုံစံရောက်အောင် အမျိုးမျိုး ပုံကြီးချဲ့ ပုံဖော်လုပ်ဆောင်သွားခဲ့ပါတယ်။ တကယ့်လက်တွေ့မှာ ထောင်ဂဏန်းမျှသော ဆူပူဆန္ဒပြများကို တစ်ဆိတ်ကိုတစ်အိတ်ဖြစ်အောင်လုပ်ပြီး တစ်နိုင်ငံလုံးအုံကြွနေသယောင် ဖန်တီးသရုပ်ဖော်သွားခဲ့ပါတယ်။ ဒီလိုသတင်းမီဒီယာ အချို့ရဲ့ တစ်ဖက်စောင်းနင်းပုံဖော်ထုတ်လွှင့်မှုတွေကြောင့် နိုင်ငံတကာအလယ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ Image ကို ထိခိုက်စေပြီး ကျွန်တော်တို့ ဘက်က အလွန်ပဲနစ်နာခဲ့ရပါတယ်။ ဒီဖြစ်စဉ်ကို အခြေခံပြီး အနောက်အင်အားကြီးနိုင်ငံနဲ့ ပြည်တွင်းပြည်ပဆန့်ကျင်ဘက်အဖွဲ့များက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအ၀င် အချို့သောနိုင်ငံတကာအဖွဲ့အစည်းများကို အသုံးချပြီး မြန်မာနိုင်ငံအပေါ် အမျိုးမျိုးဖိအားပေးခဲ့ပါတယ်။

ဆန့်ကျင်ရှုတ်ချ
အဆိုပါ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များအပေါ် ဗုဒ္ဓပဋိကုတ္တဖြစ်တဲ့အလုပ် (သို့) (မြတ်စွာဘုရား စက်ဆုပ်တဲ့အလုပ်) တွေကို ရှောင်ကြဉ်ပြီး ဘာသာ သာသနာနှင့် ပတ်သက်တဲ့ ကိစ္စတွေကိုသာ ဦးစားပေး ကျင့်သုံးဆောင်ရွက်လိုတဲ့ သံဃာအများစုက လုံးဝမလိုလားမနှစ်သက်ကြပါဘူး။ သံဃာနဲ့ ဘယ်လိုမှ မသက်ဆိုင်ဘဲ သာသနာတော်ကို ညစ်နွမ်းစေခဲ့တဲ့ ၄င်းဖြစ်စဉ်ဖြစ်ရပ်များ အပေါ်မှာလည်း များစွာ စိတ်မကောင်းဖြစ်ကြကြောင်း သိရပါ တယ်။ အလားတူ ပြည်သူအများစုအနေနဲ့လည်း ဆူပူအကြမ်းဖက်မှုများကြောင့် နိစ္စဓူဝ သွားရေးလာရေး၊ နေထိုင်ရေး၊ ပညာရေး၊ ကျန်မာရေး ။ လူမှုရေးက အစ ပုံမှန်အခြေအနေများပျက်ယွင်းပြီး ကြောင့်ကြစိုးရိမ်ထိတ်လန့်စွာ ဖြတ်သန်းနေထိုင်ရတဲ့ ဘ၀မျိုးကို လုံးဝမလိုလားကြပါဘူး။ ဆူပူ အကြမ်းဖက်မှုတွေကြောင့် ဘတ်စ်ကားလိုင်းတွေရပ်တန့်၊ စတိုးဆိုင်ကြီးတွေကအစ လမ်းဘေးဆိုင်တွေအထိ အားလုံးပိတ်၊ လူတွေလည်း အပြင် မထွက်ရဲ့ကြလို့ သွားရေးလာရေး၊ ရောင်းပန်းဝယ်တာကအစ ထိခိုက်ပြီး အခြေခံလူတန်းစားတွေဖြစ်တဲ့ခေါင်းရွက်ဗျပ်ထိုး ဈေးသည်၊ဆိုက်ကားသမား၊ တက္ကစီသမား၊ အလုပ်ကြမ်းသမားများအားလုံး အလုပ်ပျက်အကိုင်ပျက်နဲ့ ၀င်ငွေနတ္ထိဖြစ်ပြီး နစ်နာဆုံးရှုံးကြရတယ်။ ဒုက္ခရောက်ကြရတယ်။ ဒါကြောင့် လည်း ဒီလို ဆူပူအကြမ်းဖက်မှုများကို ပြည်သူအားလုံးက နိုင်ငံနဲ့အ၀န်း အတိအလင်းဆန့်ကျင် ရှုတ်ချခဲ့ကြခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ဒီလိုဆူပူမှုဖြစ်စဉ်တွေအပေါ် အကြောင်းပြပြီး အမေရိကန်၊ အီးယူနဲ့ သြစတြေးလျားနိုင်ငံများဘက်မှ တိုးမြှင့်လာတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ကြောင့် နိုင်ငံတော်သာမှာသာမက ပြည်သူများအတွင်း အခြေခံလူတန်းစားများကအစ အထက်အဆင့် စီးပွားရေးလုပ်ငန်းကြီများအထိ ထိခိုက်နစ်နာ ဆုံးရှုးမှုတွေ ဖြစ်ပေါ်ခဲ့ရတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဆူပူမှု ၊ အကြမ်းဖက်မှုတွေကို သံဃာအများစုကရော ပြည်သူအများစု ကပါ လုံးဝမလိုလားကြောင်း ပြောကြားလိုပါတယ်။

စတင်ဆောင်ရွက်
အဆိုပါပြည်သူအများစုလည်းမပါ၊ သဃာအများစုလည်း ပါဝင်ခြင်းမရှိတဲ့ ဆူပူဆန္ဒပြဖြစ်စဉ်များကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ရှိသူများ၊အကြမ်းဖက်ဆူပူမှုကိုမလိုလားတဲ့ သံဃာတော်များနဲ့ ပြည်သူများရဲ့ကူညီမှုနဲ့ နိုင်ငံနဲ့အ၀န်းတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။အခုအချိန်မှာ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းပြီး ပုံမှန်အခြေအနေရောက်ရှိခဲ့ပြီး ပုံမှန်အခြေအနေ ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်သူအားလုံးကရော၊နိုင်ငံတကာကပါ လိုလားလျက်ရှိတဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ခရီးရှေ့ဆက် နိုင်ဖို့၊ မူဝါဒလမ်းစဉ်(၇)ရပ်ရဲ့ တတိယအဆင့်ကို အကောင်အထည်ဖော်နိုင်ဖို့ အဖွဲ့ဝင် ၅၄ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင်အနေနဲ့ ဒီနေ့ ဒီဇင်ဘာလ ၃ရက်နေ့မှာပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေရးဆွဲရေးလုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း အဲဒီမူကြမ်းရေးဆွဲရေး ကော်မရှင်မှာ ဥပဒေပညာရှင်များ အလုံအလောက် ပါဝင်တဲ့အပြင် ပြည်နယ်၊ တိုင်းအသီးသီးက ဥပဒေဘွဲ့ရ တိုင်းရင်းသားပုဂ္ဂိုလ်များကိုပါ ထည့်သွင်းဖွဲ့စည်းထားပါတယ်။ဖွဲ့စည်းပုံခြေခံဥပဒေမူကြမ်း ရေးဆွဲ ရေးဆောင်ရွက်ရာမှာ ၁၉၄၇ခုနှစ်နဲ့ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို လေ့လာ၍လည်းကောင်း၊နိုင်ငံတကာ ဖွဲ့စည်းပုံများ ကို လေးလေးနက်နက် သေသေချာချာ လေ့လာသုံးသပ်၍လည်းကောင်း၊ အမျိုးသားညီလာခံက အတည်ပြုချမှတ်ပေးတဲ့ အခြေခံမူများနဲ့ အသေးစိတ်အခြေခံရမယ့်မူများကိုအခြေခံပြီး ရေးဆွဲသွားမှာဖြစ်ပါတယ်။အမျိုးသားညီလာခံက ချမှတ်တဲ့ အခြေခံမူနဲ့ အသေးစိတ်အခြေခံရမယ့်မူများ၊ ဟာလက်ရှိအခြေအနေအချိန်အခါမှာတော့ ကျွန်တော်တို့နိုင်ငံနဲ့ လူမျိုးတို့အတွက် အခြေအနေနဲ့ အကိုက်ညီဆုံး အကောင်းဆုံးအချက်တွေပဲဖြစ်ပါတယ်။ ဒါတွေကို အခြေခံပြီးအခြေခံဥပဒေမူကြမ်း ရေးဆွဲရာမှာ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်များ အပြည့်အ၀အလုံအလောက်ပါဝင်နေတဲ့အပြင် တိုင်းရင်းသားဥပဒေဘွဲ့ရ ပုဂ္ဂိုလ်များ ပါဝင်နေတဲ့အတွက် အခြားပြည်ပပုဂ္ဂိုလ်များ၏ အကူအညီ၊အကြံဥာဏ်များရယူရန် လိုအပ်မှာမဟုတ်ကြောင်း ပြောကြားလိုပါတယ်။

အမျိုးသားအကျိုးစီးပွား
ဒါ့အပြင် အမျိုးသားညီလာခံကြီးက ချမှတ်ထားတဲ့ အခြေခံ မူတွေကို ကျယ်ကျယ်ပြန့်ပြန့်အဖွဲ့ဖွဲ့ပြီး ပြန်လည်သုံးသပ်ဖို့၊ အမျိုးသားညီလာခံမှာမပါဝင်ခဲ့တဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေရဲ့ သဘောထားတွေနဲ့အခြေခံမူတွေကို ပြန်ညှိဖို့ဆိုပြီး အကြံပေးပြောဆိုတာတွေဟာလည်း လက်ရှိအခြေအနေနဲ့မကိုက်ညီတော့ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီအခြေခံမူတွေကို ချမှတ်ရာမှာ အမျိုးသားညီလာခံကိုယ်စားလှယ်အစုအဖွဲ့ရှစ်ဖွဲ့က ကိုယ်စားလှယ်ပေါင်း တစ်ထောင်ကျော်နဲ့ ၀ိုင်းဝန်းဆွေးနွေးညှိနှိုင်းချမှတ်ခဲ့ကြတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အဲဒီလို ချမှတ်နိုင်ဖို့ညှိနှိုင်းကြရာမှာ အဖွဲ့အသီးသီးက သူတို့ရဲ့အမြင်၊ သူတို့ရဲ့အယူအဆ၊ သူတို့ရဲ့တောင်းဆိုမှုတွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။အဲဒီအဖွဲ့အသီးသီးရဲ့သဘောထားတွေ၊ အယူအဆတွေ၊ တောင်းဆိုချက်တွေ၊ လိုလားချက်တွေကို အဖြေတစ်ခုရအောင် အကြေအလည်ညှိနှိုင်းခဲ့ကြရတာဖြစ်ပါတယ်။ တိုင်းပြည်နှင့်လူမျိုးအတွက် အသင့်လျော်ဆုံး အဖြေကို ရရှိအောင် အမျိုးသားအကျိုးစီးပွားကို ဦးတည်ပြီး ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံကာ ညှိနှိုင်းခဲ့ကြရတာ ဖြစ်ပါတယ်။
အဲဒီလို ပြည်သူအားလုံးရဲ့ ကိုယ်စားလှယ်များနဲ့ခက်ခက်ခဲခဲ ညှိနှိုင်းချမှတ်ထားတဲ့ အခြေခံမူတွေကို သူတို့နဲ့ပြန်ညှိပြီးပြန်ပြင်ဖို့ဆိုတာ သဘာဝလည်းမကျပါဘူး။ မျှတမှုလည်း မရှိပါဘူး။ ဒါ့အပြင် အဲဒီလိုပြန်ညှိမယ်ဆိုရင် အမျိုးသားညီလာခံမှာ ဆွေးနွေးခဲ့ကြတဲ့ အစုအဖွဲ့ရှစ်ဖွဲ့ကလည်း သူတို့မရခဲ့တဲ့ လိုလားချက်တွေကို ပြန်တောင်းလာကြမှာပဲ ဖြစ်ပါတယ်။ဒီလိုဆိုရင် ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်များဟာ အဆင့်(၁)က ပြန်စရမလိုဖြစ်ပြီး ပိုမိုရှုပ်ထွေးသွားမှာ ဖြစ်ပါတယ်။ တကယ်တော့ ချမှတ်ပြီးသား အခြေခံမူတွေထဲမှာလည်း တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေ၊ ပြည်သူတွေရဲ့ အခွင့်အရေးတွေ အများကြီးပါဝင်ပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူလူထုအများစုက ဒါကိုထောက်ခံနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ညှိနှိုင်းချမှတ်ထားပြီးသားဖြစ်တဲ့ အခြေခံမူတွေကို ပြန်ပြီးညှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ကျွန်တော်တို့အနေနဲ့ကတော့ အဲဒီ အခြေခံမူတွေနဲ့အညီပဲ အဆင့်(၃)ဖြစ်တဲ့ အခြေခံဥပဒေ ရေးဆွဲရေးကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ပြီးခဲ့တဲ့ သြဂုတ်လ၊ စက်တင်ဘာလ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေ၊ စစ်ဆေးဖော်ထုတ်တွေ့ရှိချက်တွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်က ဆက်လက်ပြီး ရှင်းလင်းတင်ပြသွားမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။