ကျဆင်းလာတဲ့ လူထုထောက်ခံမှု နဲ့ ဂေါ်ဒွင်ဘရောင်းရဲ့ မှုန်ဝါးဝါး အနာဂတ်

ပူပူနွေးနွေး ၀န်ကြီးချုပ်ဖြစ်ကာစ ပျားရည်ဆမ်းကာလကို အဆုံူးသတ်သွားအောင် အလဲထိုးလိုက်တဲ့ ရက်သတ္တပတ်အပြီးမှာတော့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းဟာ စနေနေ့က စိတ်ဓါတ်ကျစရာ မဲစစ်တမ်းရလဒ်ကို ရင်ဆိုင်ရပါတော့တယ်။
အခက်အခဲတွေက ဘရောင်းအစိုးရကို ကိုင်လှုပ်နေပြီး စစ်တမ်းကောက်ယူမှုတွေအရ တိုနီဘလဲဆီက အာဏာလွှဲပြောင်းယူစ ကနဦးက လူကြိုက်များမှု ဟာ တစ်ခန်းရပ်သွားခဲ့ပြီလို့ဆိုပါတယ်။
ဂါဒီးယန်း သတင်းစာရဲ့ စစ်တမ်းအရ လူထုထောက်ခံမှုကို အဓိကအတိုက်အခံ ကွန်ဆာဗေးတစ်ပါတီက ၃၇ရာနှုန်း ၊ ဘရောင်းရဲ့ လေဘာပါတီက ၃၁ရာနှုန်းနဲ့ လစ်ဘရယ်ဒီမိုကရက်တွေက ၂၁ ရာနှုန်း အသီးသီးရရှိခဲ့ကြပါတယ်။
စာတိုက်မှာ ဗြိတိန်လူဦးရေရဲ့ ထက်ဝက်ခန့်(၂၅)သန်းရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပျောက်ဆုံးကုန်တာကလည်း ဘရောင်းအစိုးရရဲ့ ခရီး လမ်းကို ကြမ်းတမ်းခက်ခဲသွားစေခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး စတာကိုလည်း အခြေမလှရှုံးနှိပ်နေတာကိုဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒါ့အပြင် ဘရောင်းအစိုးရဟာ Nothern Rock ဘဏ်ကို အာမခံငွေသွင်းဖို့ ပျက်ကွက်ခဲ့တဲ့အပြင် စစ်တပ်ကိုလည်း လျစ်လျူရှုခဲ့တယ်လို့ စစ်ဘက်အကြီး အကဲဟောင်း (၅)ဦးက စွပ်စွဲခဲ့ကြပါတယ်။ ဒီလိုပြဿနာတွေကြောင့် အခွန်ဆောင်သူတွေဟာ သူတို့ရဲ့ ငွေတွေကို ပြန်ရပါ့မလားဆိုတဲ့ သံသယနဲ့အတူ အစိုးရရဲ့ စွမ်းဆောင်ရည်ကိုပါ မေးထုတ်လာခဲ့ကြပါတယ်။
ကြက်ငှက်တုပ်ကွေးနဲ့ နွားတွေမှာ ကူးစက်ဖြစ်ပွားတဲ့ ခွာနာလျှာနာရောဂါဟာလည်း မြွေပူရာကင်းမှောင့်ဆိုသလို တစ်စခန်းထလာတာကြောင့် ဘရောင်း အစိုးရကို ပိုလို့အကြပ်ရိုက်သွားစေခဲ့ပါတယ်။
Daily Telegraph သတင်းစာက ရက်သတ္တပတ်ရဲ့ ကြမ္မာဆိုးတွေကို စာရင်းချပြီး နိဂုံးချုပ်ကောက်ချက်ဆွဲလိုက်တာကတော့ ဘရောင်းဟာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့လူအားရော ၊ အဖွဲ့အစည်းအားပါမရှိတဲ့အတွက် ဒီအတိုင်းလျစ်လျူရှုထားခဲ့တယ်ဆိုတာပါပဲ။
' သောကပွားစရာ အခြေအနေမှာ ဆုံးဆုံးဖြတ်ဖြတ်မရှိတာကို ဗြိတိန်ပြည်သူတွေက ခွင့်မလွှတ်ကြပါဘူး' လို့ သတင်းစာမှာ ရေးသားထားတဲ့အပြင် ယုံကြည်ကိုးစားမှုကို ထိန်းသိမ်းထားချင်ရင် အစိုးရအဖွဲ့အတွင်း ရာထူးနေရာအပြောင်းအလဲတွေ လုပ်ရမယ်လို့ အကြံပြုတိုက်တွန်းထားပါတယ်။
ဂါဒီယန်းသတင်းစာကတော့ လေဘာပါတီအပေါ် ထောက်ခံမှုဟာ ဘလဲအစိုးရရဲ့ နောက်ဆုံးလများကလို အောက်ခြေကိုထိုးဆင်းသွားနေပြီလို့ ဆိုပါ တယ်။
ဂါဒီးယန်းသတင်းစာက အရွယ်ရောက်ပြီးမဲပေးခွင့်ရှိသူ (၁၀၀၅)ဦးကို ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့တွေမှာ ဖုန်းနဲ့ဆက်သွယ် မေမြန်းစစ်တမ်း ကောက်ယူခဲ့တာပဲ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အီရတ်နဲ့ အာဖဂန်မှာ တပ်သားတွေကို ဆုံးရုံးနေရတဲ့စစ်တပ်အပေါ် ဘရောင်းရဲ့သဘောထားနဲ့ပတ်သတ်လို့လည်း အခြေအတင် ဆွေးနွေးမှုတွေ သတင်းစာတွေမှာ ဖော်ပြလာခဲ့ကြပါတယ်။
အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ စစ်ဘက်ထိပ်တန်းပုဂ္ဂိုလ်တွေက လက်ရှိကာကွယ်ရေးရံပုံငွေဟာ စစ်မျက်နှာနှစ်ခုဖွင့်ဖို့အတွက် မလုံလောက်ဘူးလို့ တစ်သံတည်း ထွက်လာခဲ့ကြပါတယ်။
စစ်ဘက်အကြီးအကဲဟောင်း(၅)ဦးက ဘရောင်းရဲ့ရပ်တည်ချက်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီး တစ်ဦးကဆိုရင်စစ်တပ်ကို မထေမဲ့မြင်လုပ်တယ် လို့တောင် စွပ်စွဲခဲ့ပါတယ်။
ယူဂန်ဒါနိုင်ငံမြို့တော် ကန်ပါလာမှာ ဓနသဟာယခေါင်းဆောင်များ ညီလာခံတက်ရောက်နေတဲ့ ဘရောင်းကတော့ ၁၉၉၇ခုနှစ်၊ လေဘာပါတီ အာဏာ ရလာစဉ်ကတည်းက ကာကွယ်ရေးအသုံးစရိတ်ဟာ တစ်နှစ်ထက်တစ်နှစ်မြင့်တက်နေတယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။
ကာကွယ်ရေးအသုံးစရိတ်ရဲ့ ဘက်ဂျက်ငွေ အရပ်ရပ်ရဲ့ တစ်ရာခိုင်နှုန်းအထိ ကျဆင်းသွားတာကြောင့် ဘရောင်းရဲ့ချေပချကဟာ အရာမ၀င်ပါဘူးလို့ The Sun သတင်းစာကြီးမှာ ရေးသားဖော်ပြထားပါတယ်။
' အဖြစ်မှန်ကတော့ ကျွန်တော်တို့ရဲ့ စစ်သားတွေဟာ လက်နက်ကိရိယာ ချို့တဲ့နေတဲ့အပြင် လစာနည်းနည်းနဲ့ ဆင်းဆင်းရဲရဲနေရပြီး စိတ်ဓါတ်ရေးရာ ချွတ်ခြုံကျနေကြတာပါပဲ ' လို့ သတင်းစာက ဝေဖန်ထောက်ပြထားပါတယ်။
အရေးပါလှတဲ့ ကာကွယ်ရေးဝန်ကြီးနေရာကိုလည်း သီးသန့်မထားဘဲ ထုံထိုင်းထိုင်း စကော့တလန်ဝန်ကြီး ဒက်စ်ဘရောင်နီက အချိန်ပိုင်းတာဝန်ယူ ပေးနေတယ်လို့ ဆိုပါတယ်။
ဘရောင်နီဟာ စကော့တလန်ဝန်ကြီးအနေနဲ့ တာဝန်အနည်းအကျဉ်းသာရှိတယ်ဆိုပေမယ့်လည်း စစ်တပ်နဲ့ နိုင်ငံအတွင်းမှာတော့ အစိုးရဟာ ကာကွယ်ရေးအပေါ် အလေးမထားဘူးဆိုတဲ့ အမြင်တွေရှိလာနေတယ်လို့ Times သတင်းစာကြီးက ဖော်ပြထားပါတယ်။
' လူဟာယုံကြည်မှုကို ပျက်ပြားစေတာက ကတိမတည်တာပါဘဲ' လို့ အစိုးရအကြံပေးအရာရှိဟောင်း ခရစ္စတိုဖာဖော်စတာက Daily Telegraph သတင်းစာကို ပြောကြားခဲ့ပါတယ်။
ခရစ္စတိုဖာဟာ ဘလဲရဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆယ်နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့ဖူးတဲ့ဘရောင်းအတွက် အနာဂတ်အလားအလားတွေကို ကြိုတင် ဟောကိန်းထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။
' ဘရောင်းဆက်ခံရမယ့် ပြဿနာတွေအများကြီးရှိပါတယ်။ တစ်ချို့ပြဿနာတွေကတော့ ဘယ်သူ့မပြုမိမိမှုဆိုသလို ဘရောင်းကိုယ်တိုင်မှာပဲ အပြစ် ရှိပါတယ်။ အဲ့ဒီအပြစ်က ဘရောင်းကို တစ်ကျော့ပြန် ခြောက်လှန့်နေပါပြီ' လို့ ခရစ္စတိုဖာက ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။
0 comments:
Post a Comment