"သင်ခန်းစာယူသင့်ကြပါပြီ"
အင်္ဂလိပ်နယ်ချဲ့တို.သည် ၁၆၀၀ပြည့်နှစ် သြဂုတ်လ ၂၄ရက်နေ့တွင် ဟတ်ကလာအမည်ရှိသင်္ဘောဖြင့် အိန္ဒိယတိုက်ငယ် ဘုံဘေမြို့မြောက်ဘက် ဆူဂုတ်ဆိပ်ကမ်းသို့ စတင်ဆိုက်ကပ်ရောက်ရှိခဲ့ပြီး တစ်စတစ်စ ခြေကုပ်ယူခဲ့ရာမှ ၁၇၆၁ခုနှစ် ဇန်န၀ါရီလ (၆)ရက် နေ့တွင်ဖြစ်ပွားသော မာရသားစ်အနွယ်များနှင့် ပန်ဂျပ်စော်ဘွားတို့အကြား တိုင်းရင်းသား အချင်းချင်းဖြစ်ပွားသည့် စစ်ပွဲအပြီးတွင် အိန္ဒိယတိုက်ငယ်သည် ဗြိတိသျှလက်အောက်ခံကိုလိုနီအဖြစ် ပြောင်းလဲသွားခဲ့ပါသည်။ထိုမှနှစ်ပေါင်း ၁၈၀ ကျော် အကြာ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံဟူ၍ နှစ်နိုင်ငံကွဲထွက်ပြီး လွတ်လပ်ရေးရရှိခဲ့ကြပါသည်။
အဓိကပြောလိုသည်မှာ မူလက အိန္ဒိယတိုက်ငယ်ဟူ၍ တစ်ခုတည်းသာရှိရာမှ လွတ်လပ်ရေးရချိန်တွင် နိုင်ငံနှစ်ခုကွဲထွက်သွားရခြင်း အကြောင်းဖြစ်ပါသည်။ ကိုလိုနီဘ၀တွင် တိုင်းရင်းသားမျိုးနွယ်စုများအကြား ကွဲပြားနေသော လူမျိုး၊ အသားအရောင်၊ ဘာသာရေး၊ ဇာတ်အနိမ့်အမြင့် ၊ ဓလေ့ထုံးစံများကို ပိုမိုကွဲပြား ခြားနား စေပြီး ရင်ကြားစေ့၍ မရတော့အောင် မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်စနစ်ဖြင့် သွေးခွဲအုပ်ချုပ်မှု ကြောင့် ဟိန္ဒူနှင့် မွတ်ဆလင်ဘာသာဝင်များ ငြိမ်းချမ်းစွာအရှည်ယှဉ်တွဲနေထိုင်မှု ပျက်ပြားလာခဲ့ပြီး မဖြစ်မနေ လွတ်လပ်ရေးပေးရမည့်အချိန်တွင်လည်း နိုင်ငံနှစ်ခုအဖြစ်ခွဲခြမ်းပေးခဲ့ခြင်း ဖြစ်ပါသည်။ နှစ်နိုင်ငံအဖြစ် နယ်နိမိတ် ရေးဆွဲခွဲခြားလာရန် အိန္ဒိယသို့တစ်ခေါက်မှမရောက်ဘူးသူ ဆာရက်ကလစ်အား ၁၉၄၇ ခုနှစ်တွင် အိန္ဒိယသို့စေလွှတ်၍ ၃၆ရက်အတွင်းအပြီးဆောင်ရွက်စေခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ခြင်း၏အကျိုးဆက်အဖြစ် မပြီးပြတ်နိုင်သေးသော ကက်ရှ်မီးယား ပြဿနာသည် ယနေ့တိုင် စစ်မီးပွားအဖြစ် ပါလာခဲ့ပါသည်။ ၁၉၄၇၊ ၁၉၇၁၊ ၁၉၉၉ ခုနှစ်များတွင် နှစ်နိုင်ငံစစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှု များ အထိဖြစ်ပွားခဲ့သည်ကိုလည်း အားလုံးအသိဖြစ်ပါသည်။
ကမ္ဘာ့သမိုင်းတလျောက် မိမိတို့နိုင်ငံ၏ အရေးကိစ္စကို မိမိတို့ပြည်သူလူထုအများစုက ၀ိုင်းဝန်းဆွေးနွေးညှိနှိုင်း ဆောင်ရွက်ဖြေရှင်းကြရမည့်အစား အနောက်နိုင်ငံရေးဆရာကြီးများကို ကြီးကြပ်ဆောင်ရွက်စေပါက နောင် သားစဉ်မြေးဆက် အာဃာတနှင့် မယုံကြည်မှုများ ၊ ရင်ကြားစေ့မရအောင် သွေးကွဲမှုများ၊ နာကျည်းတုန်လှုပ် ဖွယ်ရာ သွေးချောင်းစီးမှုများဖြင့် ရင်ဆိုင်ကြုံတွေ့ကြရလေ့ရှိပါကြောင်း သင်ခန်းစာယူနိုင်ကြစေရန် တင်ပြလို ပါသည်။

0 comments:
Post a Comment