“ချစ်တီးခေါင်းသန်းရှာကြသူများ”

ယခုတစ်ခေါက် နိုသင်ဘာလ၊(၃)ရက်မှ(၈)ရက်နေ့အထိကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ်မစ္စတာဂမ်ဘာရီလာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြန်ကြားရေးဝန်ကြီး၊တွေ့ဆုံစဉ် ၀န်ကြီးပြောကြားခဲ့သော အချက်အလက်များအနက် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် Agenda အဖြစ်ဆွေနွေးပါကလည်း မိမိတို့အနေဖြင့်ရင်ဆိုင်ရုံသာရှိပါတော့သည်ဆိုသောအချက်ကို သတိပြုမိပါသည်။၎င်းအချက်ကိုကျွန်တော့်အနေဖြင့် လှိုက်လှဲစွာထောက်ခံပါသည်။

အလုပ်မရှိချစ်တီးခေါင်းသန်းရှာသကဲ့သို့ မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂAgendaတွင် ဆွေးနွေးနိုင်ရေးအတွက် အားတက်သရော ကြိုးပမ်းနေသူများကိုပြောကြားလိုပါသည်။မြန်မာနိုင်ငံ၏ပြည်တွင်းသောင်းကျန်းမှုသမိုင်းကို စေ့ငှသေချာစွာ လေ့လာကြည့်ပါက မည်သည့်စနစ်တွေကြောင့်ဖြစ်ပေါ်ခဲ့ရသည်ကိုစေ့စေ့မတွေးဘဲနှင့် ထင်ထင်ရှားရှားပေါ်လွင်လာပါလိမ့်မည်။ပြည်တွင်းသောင်းကျန်းမှု ချုပ်ငြိမ်းအောင်။တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြန်လည်ရရှိအောင်မည်သူတွေဆောင်ရွက်နေသည်ဆိုတာကိုလည်း ရှင်းပြစရာမလို၊လူတိုင်းသိရှိကြပါသည်။မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်စေနိုင်မှုရှိမရှိကိုလည်းဦးနှောက်ရှိသူတိုင်း သိကြပါသည်။

ယနေ့ ကမ္ဘာနှင့်အ၀န်းနိုင်ငံများစွာတွင် မပြေလည်နိုင်သေးသော ကာလရှည်ကြာဖြေရှင်းနေရသည့် နိုင်ငံရေးပြဿနာများရှိနေကြပါသည်။ ထိုင်းနိုင်ငံတောင်ပိုင်း မွတ်စလင်ခွဲထွက်ရေးလှုပ်ရှားမှု၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများ၏ ကရှ်မီးယားပြဿနာ၊ အာဖဂန်နစ္စတန်ပြဿနာ၊ပါကစ္စတန်နိုင်ငံရေးပြဿနာများ ၊ တူရကီ ကာဒ့်လူမျိုးစုခွဲထွက်ရေးပြဿနာ၊ အီရတ်ပြဿနာ၊ ပါလက်စတိုင်းပြဿနာ၊ ဂါဇာကမ်းမြောင်ဒေသ အငြင်းပွားမှု ပြဿနာ၊ စသည့် ပြဿနာပေါင်းစုံရှိနေကြပါသည်။ ၄င်းကိစ္စများကိုတော့ မသိကျိုးကျွံပြုပြီး မြန်မာပြည်တွင်းရေးကိစ္စကမှ ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်သည်ဟုဆိုပြီး၊ ပြဿနာကို မီးခွက်ထွန်းရှာနေသူများကို ချစ်တီးခေါင်း သန်းရှာနေသူများဟု ခိုင်းနှိုင်းသည်မှာ မရိုင်းဟုထင်မိပါသည်။ နိုင်ငံ တစ်ခု၏ ပြည်တွင်းရေးကိစ္စကို ၄င်းနိုင်ငံ၏နိုင်ငံတော်အစိုးရနှင့် ပြည်သူ့ကိုယ်စားလှယ်များ ကိုယ်တိုင်ဖြေရှင်းနေခြင်းကို တွေ့နေပါလျက် အတင်းဝင်ရောက်စွက်ဖက်ပြီး ကုလသမဂ္ဂအစည်းအဝေးတွင် ဆွေးနွေးမှကို ဖြစ်တော့မည်ဟု ပြောဆိုနေကြခြင်းကို ကျွန်တော်တို့နားလည်ရန်ခက်ခဲလှပါသည်။ သည်သို့သော ပုဂ္ဂိုလ်များကို ပြန်ကြားရေးဝန်ကြီး ပြောခဲ့သည့်အတိုင်း ခက်ပြတ်ပြတ်ပြောဆိုခဲ့ခြင်းသည် ကျွန်တော်တို့ပြည်သူများ ကိုယ်တိုင်ပြောချင်နေသောစကားကို ကျွန်တော်တို့ကိုယ်စား ပြောခဲ့ခြင်းသာ ဖြစ်ပါတော့သည်။