နိုဝင်ဘာလဆန်းပိုင်းက နေ့စဉ်ထုတ်သတင်းစာတစ်စောင်ကို ပြန်ဖတ်ကြည့်မိတော့ စိတ်ဝင်စားစရာသတင်းတစ်ပုဒ်ကို တွေခဲ့ရပါတယ်။ ခုလောလောဆယ်ကာလမှာ ကျွန်တော်တို့နိုင်ငံကို ကမ္ဘာ့ကုလသမဂ္ဂက အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအီဘရာဟင် ဂမ်ဘာရီဆိုတဲ့လူ လာလိုက် ၊ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပေါ်လိုဆာရီယိုဆိုတဲ့လူလာလိုက်၊ ပြန်သွားတော့ ဟိုဟာပြောလိုက်၊ သည်ဟာပြောလိုက်နဲ့အတော်မျက်စေ့နောက်ဖို့၊ဒေါသထွက်ဖို့ကောင်းခဲ့ပါတယ်။ကုလသမဂ္ဂဘာများပြောလေမလဲပေါ့ဗျာ၊ အများပြည်သူများစိတ်ထဲ တွေးနေကောင်း တွေးမိကြပါမယ်။ဘာမှစိုးရိမ်စရာမရှိကြောင်း၊ရိုးရိုးဝေဖန်တာ မဆိုထားနဲ့ အထွေထွေညီလာခံဆုံးဖြတ်ချက်ဆိုတာကိုတောင် မလိုက်နာသူတွေပါနေကြောင်း သတင်းစာထဲက အဲသည့်သတင်းမှာ ဆိုပါတယ်။ အရင်အတိုင်း ဖောက်သည်ချလာပါ့မယ်ဗျာ။
“အမေရိကန်နိုင်ငံက ကျူးဘားနိုင်ငံအား နှစ်ပေါင်း(၄၀)ကြာ အရေးယူပိတ်ပင်ထားမှု ရုပ်သိမ်းပေးရန် အမေရိကန်နိုင်ငံသို့ တိုက်တွန်းသည့် ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အောက်တိုဘာ(၃၀)ရက်တွင် တစ်ခဲနက် ထောက်ခံမဲပေး အတည်ပြုလိုက်သည်။ ယင်းဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက (၁၆)ကြိမ်မြောက်အဖြစ် နှစ်စဉ်ဆက်တိုက် အတည်ပြုလိုက်ခြင်းပဲဖြစ်သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ယင်းလုပ်ရပ်မှာ စည်းနှောင်အား မရှိပေ။ ယခင်က ထိုသို့သောဆုံးဖြတ်ချက်များမှာလည်း အမေရိကန်၏ မူဝါဒသဘောထားကို တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။