အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဌ အထက်လွှတ်တော်အမတ် Mr. Jim Webb ရဲ့ မြန်မာနိုင်ငံခရီးစဉ်အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီ်း Mr. Yettaw လည်း Mr. Jim Webb နဲ့အတူ ပြည်တော်ပြန်ခွင့် ရရှိသွားခဲ့ပါပြီ။ ဒီဖြစ်စဉ် ဖြစ်ရပ်တွေအပေါ် အကြောင်းပြုပြီး ဒီခရီ်းစဉ်ဟာ အောင်မြင်တဲ့ခရီ်းစဉ်၊ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံ ရေးအပေါ် အပြုသဘော ရှုမြင်မှုများ တိုးပွားလာစေနိုင်တဲ့ ခရီးစဉ်၊ မြန်မာတို့ရဲ့ သဘောထားကြီးမြတ်မှုနှင့် စာနာ ထောက်ထား သက်ညှာတတ်မှုကို အလေးအနက် ဖော်ပြနိုင်ခဲ့တဲ့ ခရီးစဉ်အဖြစ် အားလုံးက ၀မ်းသာလှိုက်လှဲစွာ အသိအမှတ်ပြု ကြိုဆိုခဲ့ကြပါပြီ။ Mr. Jim Webb ရဲ့ ခရီးစဉ်အတွင်း နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့်ရရှိခဲ့သလို နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း တွေ့ဆုံ ဆွေးနွေး အမြင်ဖလှယ်ခွင့် ရရှိခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကော်မရှင်၊ လူမှုရေးအသင်းအဖွဲ့များ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများ၊ တရားဝင် မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီများ စသဖြင့် နယ်ပယ်ကဏ္ဍစုံလင်စွာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ ဒါတွေကိုကြည့်ရင် Mr. Jim Webb ရဲ့ ခရီးစဉ် အပေါ် နိုင်ငံ တော်က အလေးထားပြီး ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်ဆိုတာ ထင်ရှားလှပါတယ်။ ယခုခရီးစဉ်အတွင်း Mr. Jim Webb အနေနဲ့ သူ့နိုင်ငံသား Mr. Yettaw အတွက် အကောင်းဆုံး အကျိုးဆောင်ပေးနိုင်ခဲ့တယ်လို့ နိုင်ငံ တကာ မီဒီယာများက ချီးကျူးခဲ့ကြပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ တွေ့ဆုံရာမှာ Mr. Jim Webb ကိုယ်တိုင် မေတ္တာရပ်ခံချက် (၂) ရပ်ကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပထမအချက်ကတော့ မြန်မာနိုင်ငံဥပဒေကို ချိုးဖောက်ပြီး အရေးယူခံခဲ့ရတဲ့ Mr. Yettaw ကိုပြန်လွှတ်ပေးပါရန်နဲ့ ဒုတိယအချက်ကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုရန် ဖြစ်ပါတယ်။ Mr. Jim Webb ကိုယ်တိုင်က Mr. Yettaw ရဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံဥပဒေအရ ဆိုးရွားတဲ့ ပြစ်မှုကျူးလွန်ရာရောက်တဲ့အတွက် ၎င်းဘက်မှနေ၍ ၀န်ချတောင်းပန်မှု မပြုလိုပါကြောင်း၊ သို့သော် လူမှုရေးရှုထောင့်အရ Mr. Yettaw ကိုပြန်လွှတ်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ မိမိ ၏မေတ္တာရပ်ခံချက်ကို မြန်မာနိုင်ငံအစိုးရဘက်မှ လူသားချင်း စာနာထောက်ထားမှု ရှုထောင့်အရ သဘော ထားကြီးစွာဖြင့် ဥပဒေဘောင်အတွင်းမှ လိုက်လျောဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာ အစိုးရက အလေးအနက်ထား တုံ့ပြန်ခဲ့တဲ့ အတွက် Mr. Yettaw ဟာမိသားစုနဲ့ ပြန်လည်ဆုံစည်းခွင့် ရရှိခဲ့ပြီ ဖြစ်ပါကြောင်း ပြောကြားတာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော့အမြင်ပြောရရင် Mr. Yettaw ဟာ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် အပြစ်ရှိတာမှန်သော်လည်း ကျန်းမာရေးအခြေအနေအရ ငဲ့ညှာသင့် တဲ့အနေအထားလို့ ယူဆမိပါတယ်၊ ပြီးခဲ့တဲ့လပိုင်းအတွင်း မြန်မာနိုင်ငံရဲချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ ပြောကြား ချက်တွေအရ Mr. Yettaw လနဲ့ချီပြီး အစာမစားတဲ့ အနေအထားဟာ စိုးရိမ်စရာပါ။ မည်သို့ပင်ဖြစ်စေ နိုင်ငံ တော်အပိုင်းက သူ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အများကြီး ငွေကုန်ကြေးကျခံပြီး ဆောင်ရွက်ပေး ခဲ့တာလည်း အမှန်ပါပဲ။ ဒီလိုအခြေအနေမျိုးမှာ Mr. Jim Webb နဲ့တကွ အမေရိကန်သံရုံးက သက်ဆိုင်ရာ ဌာနများကို မေတ္တာရပ်ခံလာတဲ့အတွက် Mr. Yettaw ရဲ့ကျန်းမာရေးနဲ့ဘ၀ရှေ့ရေးအတွက်စာနာထောက်ထား တဲ့အနေနဲ့ရော၊ အမေရိကန်- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အလေးအနက်ထားတဲ့အနေနဲ့ပါ သက်ဆိုင်ရာက Mr. Yettaw ကိုချမှတ်ထားတဲ့ ပြစ်ဒဏ်များအနက် ပြစ်ဒဏ်ရဲ့ ထက်ဝက်ကိုသာ ကျခံစေရန် လျှော့ပေါ့ ပြောင်းလဲလိုက်ပြီး ကျန်ရှိတဲ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ခြင်းနဲ့ ပြည်နှင်အမိန့်ထုတ်ပြန်ပြီး Mr.Jim Webb နဲ့အတူ ပြန်လည်ထွက်ခွာခွင့် ပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ပြည်နှင်ဒဏ်ပေးမှုအမိန့်ကို ဖတ်ကြားပြီးနောက်မှာ Mr. Yettaw ပါလာတဲ့ ပစ္စည်း (၁၃) မျိုးနဲ့ ဆေး (၁၇) မျိုးတို့ကို Mr. Yettaw နဲ့အတူ အမေရိကန်ကောင်စစ်ဝန်ထံ စနစ်တကျ လွှဲပြောင်းပေးခဲ့ပါတယ်။ ပြည်နှင်ဒဏ်အမိန့်အရ Mr. Yettaw ဟာ မြန်မာနိုင်ငံထဲကို တရားမ၀င် ပြန်လည်ဝင်ရောက်လာမယ်ဆိုရင် ဆိုင်းငံ့ထားတဲ့ ပြစ်ဒဏ်ကို ကျခံရမှာဖြစ်တဲ့အပြင် လ၀က ဥပဒေအရ ထောင်ဒဏ် (၃) နှစ် ထပ်မံကျခံရမှာ ဖြစ်ကြောင်းကိုလည်း Mr. Yettaw ကို တပါတည်း အသိပေး ပြောကြားလိုက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာ ဖြောင့်မတ် ခိုင်မာပြီး လူသားချင်းစာနာထောက်ထားမှုနဲ့ သဘောထားကြီးမှုအပေါ်မှာလည်း အခြေခံထားတယ်ဆိုတာ ပြသနိုင် လိုက်ခြင်းပါပဲ။ Mr. Jim Webb ရဲ့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခွင့်ပြုခဲ့ခြင်းအပေါ် ထူးခြားတဲ့ လိုက်လျောမှုတစ်ရပ်အဖြစ် နိုင်ငံတကာ မီဒီယာတချို့က ပုံဖော်နေကြပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ခြင်းအပေါ် သွယ်ဝိုက်ပြီး ထောက်ပြလိုတဲ့ သဘောပါပဲ။ တကယ်တော့ အခြေအနေနှစ်ရပ်ရဲ့ ခြားနားချက်ကို ခွဲခြားမမြင်နိုင်လို့ ဒီလိုတွေ ဝေဖန်နေကြခြင်း ဖြစ်ပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ခရီ်းစဉ်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုကိစ္စအတွက် တရားရုံးမှာ တရားရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ သက်ဆိုင်ရာတရားရုံးရဲ့ ဥပဒေကြောင်းအရ စီရင်ပိုင်ခွင့်အောက်မှာ ရှိုနေပါတယ်။ ယခု အချိန်မှာတော့ သူမဟာ တရားရင်ဆိုင်မှု ပြီးဆုံးပြီး ဆိုင်းငံ့ပြစ်ဒဏ်နဲ့ နေအိမ်မှာ သီးခြားနေထိုင်ခွင့် ရရှိနေပါပြီ။ ဒါကြောင့် အခြေအနေ နှစ်ရပ်ရဲ့ ခြားနားချက်ကို ခွဲခြားပြီးမြင်တတ်ဖို့ လိုပါတယ်။ တကယ်တော့ ကျွန်တော်တို့နိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်တာနဲ့အညီ ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီးနဲ့ အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်ခဲ့သလို ယခု ပစ္စုပ္ပန်မှာလည်း အလေးထား ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အနာဂတ်မှာလည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလား တူ အထွေထွေအတွင်းရေးမှူးချုပ်ရုံးရဲ့ အကျိုးဆောင်မှု ကဏ္ဍနဲ့ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း အလေး အနက် အသိအမှတ်ပြု တန်ဖိုးထားပါတယ်။ သို့သော် အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်အတွင်းမှာ အခြေအနေနဲ့ အချိန်အခါက ခွင့်မပြုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးနိုင်ခဲ့ခြင်းသာ ဖြစ်ကြောင်း ယခု ဝေဖန်နေကြတဲ့ နိုင်ငံတကာမီဒီယာ အချို့ သိစေချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အခြားနိုင်ငံများ အားလုံးနဲ့ ချစ်ချစ်ခင်ခင် ပူးပေါင်း ဆောင်ရွက်သွားလိုတဲ့၊ အပြုသဘောအမြင် အပြည့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေးမူကြီး (၅) ရပ်နဲ့အညီ နိုင်ငံအားလုံးကို ရင်းနှီးချစ်ခင်စွာ တန်းတူရည်တူ ဆက်သွယ်ဆက်ဆံ ဆောင်ရွက်လျှက် ရှိပါတယ်။
နိုင်ငံတကာဆက်ဆံရေးမှာနိုင်ငံကြီးငယ်မခွဲ၊အုပ်စုဘက်လိုက်မှုမရှိဘဲ မျှမျှတတ ရပ်တည် ဆက်ဆံ ဆောင်ရွက် လျက်ရှိပါတယ်။ ယခု Mr.Jim Webb ရဲ့ခရီးစဉ်အတွင်း အပြည့်အဝ ပူပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဟာလည်း အမေရိကန်လို နိုင်ငံကြီးမို့လို့ ဆောင်ရွက်ပေးတာမျိုးမဟုတ်ဘဲ ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေဆိုတဲ့ စိတ်ရင်း အခံနဲ့ ဆောင်ရွက်ပေးခြင်းသာ ဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှသာမဟုတ်ဘဲ ကျန်တဲ့ အခြားနိုင်ငံများအားလုံး ကိုလည်း ဒီသဘောထားရပါတည်ချက်အတိုင်းသာ ဆက်ဆံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီလို သဘောထားရပ်တည်ချက်မှန်ကန်ပြီး နှစ်နိုင်ငံဆက်ဆံေ၇းကို အလေးအနက်ထား ဆောင်ရွက်ပေးခဲ့တဲ့ အပေါ် Mr.Jim Webb က မြန်မာအစိုးရရဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများအတွက် အထူးကျေးဇူးတင် ရှိပါကြောင်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ အနာဂတ်ယုံကြည်မှု တည်ဆောာက်ရေးအတွက်အခြေခံအုတ်မြစ်စတင်နိုင်ရေး နည်းလမ်းများအဖြစ် နှစ်နိုင်ငံစလုံးက အသုံးချနိုင်ဖို့ မျှော်လင့်ပါတယ်လို့လည်းဆိုပါတယ်။ ရန်ကုန်လေဆိပ်က မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲမှာလည်း Mr.Jim Webb က မြန်မာအစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ပါကြောင်း၊ အမေရိကန်နဲ့ မြန်မာနိုင်ငံတို့အပြန်လှန်နားလည်မှုရရှိပြီး အနာဂတ်ကာလတွင် အလုပ်သဘောဆက်လက်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်ယခုခရီးစဉ်က အကျိုးပြုနိုင်လိမ့် မည်ဟု မျှော်လင့်ပါကြောင်း၊ ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတမှုရှိရန် လိုအပ် ပါကြောင်း၊ တရားမျှတမှုရှိမည်ဟုလည်း မျှော်လင့်ပါကြောင်း၊ မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ် တိုးတက်လာ ရေးအတွက် ကြုံတွေ့နေရသော အတားအဆီးများကို ကျော်လွှားနိုင်ရန် အလေးအနက် ဆွေးနွေးနိုင်ခဲ့ ပါကြောင်း၊ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဆက်လက်တိုး တက်လာမည် ဟုမျှော်လင့်ပါကြောင်း၊ နှစ်နိုင်ငံရင်းနှီးချစ်ကြည်မှုတည်ဆောက်ရေးတွင် ကြုံတွေ့နေရသော အတားအဆီးများကို တစ်ချိန်ချိန်တွင် ကျော်လွှားနိုင်မည်ဟု ယခင်ကပင် ယုံကြည်ချက်ရှိခဲ့ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် တိုးတက် ကောင်းမွန်ရေးအတွက် ယခုခရီးစဉ်အတွင်း လေ့လားတွေ့ရှိချက်များကို အခြေခံ၍ မိမိ၏ အစိုးရအဖွဲ့နှင့်ရော၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်ပါ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါကြောင်း စသဖြင့် အပြုသဘော ရှင်းလင်းပြောကြားသွားခဲ့တာ တွေ့ရှိရပါတယ်။

ဒါ့အပြင် သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ မြန်မာနိုင်ငံအပေါ် သမားရိုးကျ စီးပွားရေး ပိတ်ဆို့မှုပြုလုပ်ထားခြင်းမှာ အကျိုးမရှိဟု ထင်မြင်ယူဆပါကြောင်း ပြောကြားသွားခဲ့ပါတယ်။ တကယ်လည်း Mr.Jim Webb ဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဖြည်းဖြည်းချင်း ဖယ်ရှားပေးနိုင်ဖို့အတွက် သံတမန်ရေး ညှိနှိုင်းမှုကို အတိအလင်း ထောက်ခံခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆန့်ကျင်ဘက်ပါတီကြီးတစ်ခုရဲ့ ပြောရေးဆိုခွင့်ရပ်ကွက်က မြန်မာ နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်ကန့်ကွက် ရပါတည်ခဲ့သူ Mr.Jim Webb အပေါ် လက်ခံကြိုဆို ရမယ့် နိုင်ငံရေးသမားတစ်ယောက်အဖြစ် သဘောမထားနိုင်ကြောင်း၊ ဒီမိုကရေစီရေးအတွက် ဘာအကျိုး ပြုချက်မှ မရှိခဲ့လို့ သူရဲ့ခရီးစဉ်အပေါ် စိတ်ဝင်စားမှုမရှိကြောင်း ခရီးစဉ်မတိုင်မီကတည်းက ဆန့်ကျင်ပြောကြား ခဲ့တယ်လို့ ကြားသိရပါတယ်။

တစ်ဆက်တည်းပြောရရင် မေရိကန်နိုင်ငံရဲ့ အရေးပါတဲ့ အထက်လွတ်တော် အမတ်တစ်ဦးကတောင် ကျွန်တော် တို့နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို ခိုင်ခိုင်မာမာ ဆန့်ကျင် ကန့်ကွက်ရပ်တည်နေတဲ့ အခြေအနေမျိုးမှာ မြန်မာနိုင်ငံသားစစ်စစ် ပြည်တွင်းပြည်ပ ဆန့်ကျင်ရေးသမားအုပ်စုတွေကတော့ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေ ဒုက္ခရောက်သည်ထက်ရောက်အောင် စီးပွားရေးပိတ်ဆို့မှုတွေ တိုးမြှင့်ဆောင်ရွက်ပေးဖို့ ဝိုင်းဝန်းလှုံ့ဆော် တောင်းဆို ကြိုးပမ်းနေကြတာကို တွေ့နေရပါတယ်။ အသားထဲက လောက်ထွက်၊ ဆန်ကောလောက်မှ ဇောက်မနက်တဲ့ ပုဆိန်ရိုးတွေပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း EU က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေး ယူမှုစာရင်းမှာ နောက်ထပ် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကိုပါ ထပ်ပြီး တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအနေနဲ့ EU နိုင်ငံတွေကို ဝင်ရောက်သွားလားခွင့် ပိတ်ပင် လိုက်သလို EU နိုင်ငံတွေမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီမှာ ကြက်တူ ရွေးက တော်တော်၊ မယ်ဘော်က ကဲဆိုတာလို ဥရောပက မြန်မာ့အရေးလှုပ်ရှားသူဆိုတဲ့ "နွယ်အောင်" ပြောတဲ့ စကားကတော့ အတော်လေးကို ရှက်စရာကောင်းလှပါတယ်။ နွယ်အောင် တို့အနေနဲ့ တရားရေးဆိုင်ရာ အမှုထမ်းတွေအပြင် အာမခံလုပ်ငန်းနဲ့ ရေထွက်ပစ္စည်း ငါး၊ ပုစွန်တို့ကိုပါ ပိတ်ဆို့တောင်းဆိုထားကြောင်း၊ ဒါပေမယ့် အဲဒီနှစ်ခုက အချိန်မမီလိုက်ကြောင်း၊ ဒါကြောင့် EU ရဲ့ ယခုပိတ်ဆို့မှုဟာ ထိရောက်သင့်သလောက် ထိရောက်တာမှန်သော်လည်း သူတို့လိုဘနဲ့ဆိုရင် ကျေနပ်လောက်အောင် မရှိသေးဘူးလို့ ပြောသွားတာပါ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကျိုးရှိရာရှိကြောင်း ဘာတစ်ခုမှမလုပ်ခဲ့ဘဲ ပျက်စီးရာ ပျက်စီးကြောင်းကိုသာ တစိုက် မတ်မတ် လုပ်လာခဲ့တဲ့အပြင်များများကြီး ပျက်စေချင်တာ နည်းနည်းလေးပဲ ပျက်သွားလို့ သိပ်ကို စိတ်ပျက် မိပါတယ်ဆိုတဲ့ သူတို့ရဲ့ခံယူချက်နဲ့ လုပ်ရပ်ကတော့ တကယ့်ကို နိမ့်ကျလွန်းလှပါတယ်။ ကိုယ့်ကိုယ်ကို မြန်မာ လူမျိုးလို့ ခံယူသေးတယ်ဆိုရင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ် ဒီလောက်အထိ ကျေးဇူးမကန်းသင့်ပါဘူး။ သွေးမတော်သားမစပ်တဲ့ အခြားနိုင်ငံက အထက်လွှတ်တော်အမတ်တစ်ဦးကတောင် သင့်တင့်မျှတတဲ့ စိတ်ထား နဲ့ မြန်မာပြည်သုတွေအပေါ် စေတနာထားနိုင်သေးရင် မြန်မာ့သွေးသားစစ်စစ်တွေက ဒီထက်ပိုပြီး စေတနာထား သင့်ကြတယ် မဟုတ်လား။

ယခု Mr.Jim Webb ရဲ့ ခရီးစဉ်အောင်မြင်မှုနဲ့အတူ သူ့ရဲ့ခရီးစဉ်ကို အမေရိကန်အစိုးရက ကြိုဆိုကြောင်း သတင်းထုတ်ပြန်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေကလည်း Mr.Jim Webb ဟာ အမေရိကန် အကြီးတန်းအရာရှိတစ်ယောက်အနေနဲ့ မြန်မာအကြီးအကဲနဲ့ ပထမဦးဆုံး တွေ့ဆုံခွင့်ရရှိခဲ့သူ ဖြစ်တယ်၊ မြန်မာအစိုးရရဲ့ အပြုသဘောတုံ့ပြန်မှုတွေကြောင့် သူ့ခရီးစဉ်ဟာမျှော်မှန်းထားသည် ထက် အောင်မြင်ခဲ့တယ်လို့ ဝေဖန်သုံးသပ် ကြိုဆိုခဲ့ကြပါတယ်။

ကျွန်တော်တို့ဘက်က ကြည့်ပြန်ရင်လည်း နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ အပြု သဘောဆောင်ပြီး ချစ်ကြည်ရင်းနှီးမှုရှိတဲ့ သဘောထားကိုထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ လူသားချင်း စာနာ ထောက်ထားမှုနဲ့ လူ့အခွင့်အရေးအပေါ်တန်ဖိုးထား လေးစားမှုကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုအပေါ် အလေးအနက်ထားသလို တစ်ဖက်ကလည်း ပျော့ပျောင်းညင်သာတဲ့ ရပ်တည် မှုကိုအခြေခံပြီး ဥပဒေကြောင်းအရ မျှမျှတတနဲ့ သင့်လျှော်လျောက်ပတ်မှုအရှိဆုံးဖြစ်အောင်သုံးသပ် ဆုံးဖြတ် ဆောင်ရွက်နိုင်ခဲ့တာကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် ခြုံပြီးပြောရရင် Mr.Jim Webb ရဲ့ ခရီးစဉ် တစ်ခုဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ အပြုသဘောဆောင်တဲ့ဆက်ဆံရေးဖြစ်ထွန်းနိုင်ဖို့ အစပထမဦးဆုံး ခြေလှမ်းပဲဖြစ်တယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ တကယ်တော့မိုင်တစ်ထောင်ခရီးရှည်ကြီးကို အမှန် တကယ် စတင်လိုက်တာဟာ ပထမဦးဆုံးခြေလှမ်းပဲ မဟုတ်ပါလား။