နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌက ၂၀၀၉ခုနှစ်၊ သြဂုတ်(၁၀)ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားရုံးက ပြစ်ဒဏ်ချမှတ် ခဲ့ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ကောင်းမွန်စွာ နေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဆိုင်ရာ ညွန်ကြားချက် ထုတ်ပြန်ခြင်း

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌက ၂၀၀၉ ခုနှစ်၊ သြဂုတ်(၁၀)ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါက ကျခံရန်ရှိသော ပြစ်ဒဏ်အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ကောင်းမွန်စွာ နေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဆိုင်ရာ ညွန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ၄င်းညွှန်ကြားချက် အပြည့်အစုံမှာ -

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ဥက္ကရုံး

စာအမှတ်၊ ၀၄/နယက(ဥ)/လငခ
ရက်စွဲ ၊ ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၀ ရက်။

သို့
ဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
အကြောင်းအရာ။ ဒေါ်အောင်ဆန်းစုကြည် (ဘ) ဦးအောင်ဆန်းအပေါ် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ပါက ကျခံရန်ရှိသောပြစ်ဒဏ်အား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်းနှင့်ကောင်းမွန် စွာ နေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

၁။ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၄၇/ ၂၀၀၉ ဖြင့် နိုင်ငံ တော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ ပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည် (ဘ) ဦးအောင်ဆန်းအပေါ် တာဝန်ရှိ သူများက မလွှဲမရှောင်သာပဲ တရားစွဲဆိုမှုပြုခဲ့ရခြင်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အနေဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့ပါသည်။
၂။ သို့ရာတွင် တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲဥပဒေနှင့် အညီ မှန်ကန်မျှတစွာ တရားစီရင်မှုကို နိုင်ငံသားအားလုံးက လေးစားလိုက်နာ ခံယူကြရမည် ဖြစ်ပါသည်။
၃။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် နိုင်ငံ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ တစ်ဦးအပေါ်တစ်ဦး အာဃာတများ မရှိစေရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီလမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ရည်စူး၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌအနေဖြင့် မိမိ၏ လုပ်ပိုင်ခွင့်အာဏာအတွင်းမှ သူမအပေါ် စာနားထောက်ထား ညှာတာမှုပြုလိုပါသည်။
၎။ သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိရပြီး ပြစ်ဒဏ်ချမှတ်ပါက မည်သို့ပင် ပြစ်ဒဏ်ချမှတ်ထားသည်ဖြစ်စေ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မ (၅)အရ၊ တရားရုံးက ချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်၏ ထက်ဝက်ကိုသာ ကျခံစေရန် လျှော့ပေါ့ ပြောင်းလဲလိုက်ပြီး ကျန်ရှိသော ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့လိုက်သည်။
၅။ အထက်အပိုဒ်(၄)ပါ ပြစ်ဒဏ်ဆိုင်းငံ့ကာလအတွင်း ဒေါ်အောင်းဆန်းစုကြည်အား သူမ၏နေအိမ် ဖြစ်သော ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက် ၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄/၅၆ နေအိမ်၌ ပူးတွဲပါသတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့်ပြုလိုက်သည်။
၆။ ဒေါ်အောင်ဆန်းစုကြည်သည် လျှော့ပေါ့ပြောင်းလဲလိုက်သော ပြစ်ဒဏ်ကျခံရမည့် အချိန်ကာလထက် မကျော်လွန်သော အချိန်ကာလအတွင်း ပူးတွဲပါသတ်မှတ်ပေးထားသော စည်းကမ်းချက်များနှင့်အညီ ကောင်းမွန်စွာနေထိုင်ပါက ဆိုင်းငံ့ထားသော ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမည် ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ


နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၏ အဆိုပါညွှန်ကြားချက်အရ ပြည်ထဲ ရေးဝန်ကြီးဌာနကလည်း သြဂုတ်(၁၀) ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကို ဆက်လက် ထုတ်ပြန်ခဲ့ပြီး ၎င်းအမိန့်ကို ဒေါ်အောင်ဆန်းစုကြည်အား ဖတ်ပြအသိပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။