ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) န၀ရတ်ခန်းမ၌ အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၆၈) ဖွင့်ပွဲအခမ်းအနား ကိုဇွန်လ ၂၉ ရက်နေ့ က ကျင်းပခဲ့သည်။
တပ်မတော်အစိုးရသည် နိုင်ငံတော်ကို တာဝန်ယူခဲ့သည့်နောက်ပိုင်း၌ မိမိတို့၏ကိုယ်ပိုင်စွမ်းအားနှင့် ပြည်တွင်း အားကိုစုစည်းကာ ပညာရေးကို မဏ္ဍိုင်ပြု၍ အနာဂါတ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။
ပညာရေးကဏ္ဍတွင်“မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာ သင်ယူနေသော လူဘောင်အဖွဲ့အစည်းကို ဖန်တီးနိုင်သည့် ပညာရေး စနစ်တစ်ခု ဖြစ်ထွန်းစေရန်” ဆိုသည့် မြန်မာပညာရေးမျှော်မှန်းချက်နှင့်အညီ အမျိုးသားပညာရည်မြင့်မားရေး နှစ်(၃၀)နှစ်ရှည်စီမံကိန်းကို ချမှတ် ဖော် ဆောင်လျက်ရှိသည်။
ယင်းသို့အကောင်အထည်ဖော်ရာတွင် အခြေခံပညာရေးဏ္ဍအနေဖြင့် မြန်မာနိုင်ငံသားတိုင်း အခြေခံပညာကို ကောင်းစွာတက်မြောက်ပြီးကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သည့် ကာယ၊ ဥာဏလုပ်သားများဖြစ်လာရန်၊ နိုင်ငံ့အကျိုးကိုရှေးရှုသည့် အသက်မွေးဝမ်းကျောင်းပညာသင်ကြားမှုအခြေခံများ ချမှတ်ပေးရန်၊ ကုန်ထုတ်လုပ်မှု စွမ်းအားတိုးတက်ရေးနှင့် ထက်မြက်ရေးအတွက် အထောက်အကူပြုမည့် သိပံ္ပပညာကိုဦးစားပေးရန်၊ နိုင်ငံတော်၏ယဉ်ကျေးမှု၊ အနုပညာ၊ စာပေထိန်းသိမ်းရေးနှင့် တိုးတက်ရေးအတွက် ၀ိဇ္ဇာပညာကိုလည်း ဦးစားပေးရန်၊ တက္ကသိုလ် ပညာဆက်လက်သင်ယူနိုင်ရန်အတွက် ခိုင်မာသည့် ပညာအခြေခံတည်ဆောက်ရန် စသည့် ဦးတည်ချက်များ ချမှတ်ထားသည်။
အခြေခံပညာဆရာ ဆရာမများသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူသွားကြရမည့် မျိုးဆက်သစ်လူငယ်များအား အနီးကပ်ကိုင်တွယ်ထိန်းသိမ်းပြီး ပြုစုပျိုးထောင်နေကြသူများဖြစ်၍ ခိုင်မာသည့် အမျိုးသားရေးခံယူချက်များနှင့်အတူ မိမိတို့၏သင်ကြားရေးဆိုင်ရာ အရည်အသွေးများကို ခေတ်နှင့်အညီ အစဉ်အမြဲ မြှင့်တင်သွားကြရမည်ဖြစ်သည်။