ပြည်ထောင်စုတစ်ဝန်း ကူးလူးဆက်သွယ်မှု လွယ်ကူချောမွေ့စေရေး ရထားလမ်းနှင့် တံတားများ တိုးမြှင့်ဖောက်လုပ် တည်ဆောက်
ပြည်ထောင်စုတစ်ဝန်း အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရန် လမ်းပန်းဆက်သွယ်ရေးသည် အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး တံတားနှင့် ရထားလမ်းများကို တိုးမြှင့်ဖော်ဆောင်ပေးလျက်ရှိသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာနသည် ပြည်နယ်နှင့်တိုင်းအားလုံးသို့ ဖြန့်ကြက်ရောက်ရှိစေမည့် နိုင်ငံတော် ရထားလမ်း ကွန်ရက်ကြီးများကို တည်ဆောက် အကောင်အထည်ဖောက်လျက်ရှိသည်။
ယင်းသို့အကောင်အထည်ဖော်ရာ၌ ကြံခင်း-ပခုက္ကူ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း၊ ကသာ-ဗန်းမော် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း၊ ပျော်ဘွယ်- နတ်မောက်-မကွေး ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း၊ နမ့်စန်-ကျိုင်းတုံ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းနှင့် ထားဝယ်-မြိတ် ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းသည် ကြံခင်း-ပခုက္ကူ ရထားလမ်းပိုင်းရှိ မကွေးတိုင်းနှင့် မင်းဘူးမြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ဆက်သွယ်သည့် ရထားလမ်းစီမံကိန်းဖြစ်သည်။ အဆိုပါ ရထားလမ်းသည် ခရီးမိုင် ၂၅၇ မိုင်ခန့်ရှိပြီး ဥမင်လိုဏ်ခေါင်းများ၊ တံတားကြီးများဖြင့် ဆင်ခေါင်း-ပဒါန်း-နတ်ရေကန်တောင်-အမ်း-မင်းပြား-မြောက်ဦး-ကျောက်တောင်မြို့များသို့ ဖြတ်သန်းဖောက်လုပ်မည် ဖြစ်သည်။
ရထားလမ်းဖောက်လုပ်ပြီးစီးသွားပါက ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများသည် မြန်မာနိုင်ငံရှိ ဒေသအသီးသီးသို့ လွယ်ကူချောမွေ့စွာဖြင့် သွားလာနိုင်မည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းများ၏ လူမှုစီးပွားဘ၀ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုလာနိုင်မည် ဖြစ်သည်။
ကားနှင့်ရထား ယှဉ်တွဲဖြတ်သန်းနိုင်မည့် တံတားဖြစ်သည့် သယု(ပဲပဒုံ)တံတားသည် ရခိုင်ပြည်နယ်အတွင်း တည်ဆောက်မည့်တံတားဖြစ်ပြီး ယင်းတံတားပြီးစီးပါက ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများသည် မကွေးတိုင်းမှတစ်ဆင့် ပြည်နယ်နှင့် တိုင်းအသီးသီးသို့ လွယ်ကူချောမွေ့စွာ သွားလာရောင်းဝယ် ဖောက်ကားနိုင်မည်ဖြစ်သည်။
ကသာ-ဗန်းမော် မီးရထားလမ်းပေါ်၌ တည်ဆောက်မည့် ဧရာဝတီမြစ်ကူးတံတား(စင်းစန်း)သည် ကားလမ်းနှစ်လမ်းနှင့် မီးရထားလမ်းယှဉ်တွဲပါဝင်မည့် တံတားဖြစ်ပြီး ဧရာဝတီမြစ်ကို အရှေ့နှင့်အနောက် ဖြတ်ကျော်မည့် ရထားလမ်းနှင့် ကားလမ်း တံတားသစ်အဖြစ် ပေါ်ထွန်းလာတော့မည်ဖြစ်သည်။
နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုတစ်ဝန်း တိုင်းရင်းသားပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများ ဖွံ့ဖြိုးတိုးတက်ရန်၊ ဒေသတစ်ခုနှင့်တစ်ခု ကူးလူးဆက်ဆံရေး လွယ်ကူချောမွေ့စေရန် ရထားလမ်းများ၊ တံတားများကို တိုးမြှင့်ဖောက်လုပ်တည်ဆောက်လျက်ရှိရာ ဒေသခံတိုင်းရင်းသားပြည်သူများက ၀ိုင်းဝန်းလက်တွဲ ပါဝင်ကြိုးပမ်းသွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

0 comments:
Post a Comment