ဝက်တုပ်ကွေးဗိုင်းရပ်စ်ရောဂါသည် မျိုးဗီဇအရ ကြက်ဌက်တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ပိုးမှ တစ်စစဖွံ့ဖြိုးရင့်သန်ဖြစ်ပေါ်လာဖွယ်ရှိသည်ဟု မိမိယူဆကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ သိပ္ပံပညာရှင် ရစ်ချတ်ဝက်တီ၏ ပြောကြားချက်ကို ကိုးကားလျက် ယနေ့ အင်တာနက်သတင်းတွင် ဖော်ပြသည်။
H1N1 တုပ်ကွေးဗိုင်းရပ်စ်ရောဂါပိုး၏ ဂေဟစနစ်ဆိုင်ရာ လျှို့ဝှက်ချက်များကိုသိရှိနိုင်ရန် မိမိ သုတေသနပြုလျက်ရှိကြောင်း အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် မန်းဖစ်မြို့ရှိ WHO ပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ ၀က်ဘီက ပြောကြားသည်။ ၄င်းသည် စိန့်ဂျုး ကလေးများဆေးရုံ သုတေသနဌာနမှ ဗိုင်းရပ်စ်ဗေဒ ပညာရှင်တစ်ဦးလည်း ဖြစ်သည်။
ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၂၀ တွင် ၀က်တုပ်ကွေးရောဂါ ကူးစက်ခံရသူ လူပေါင်း ၉၀၀ ခန့်ရှိသည်ဟု သိရသည်။
သုတေသီ ၀က်ဘီသည် ၀က်တုပ်ကွေးရောဂါ၏ မျိုးရိုးဗီဇလက္ခဏာများကို ဖော်ထုတ်နိုင်ရန် အပူတပြင်း လေ့လာလျက်ရှိသည်။
ဝက်တုပ်ကွေးရောဂါသည် ကပ်ရောဂါအသွင်ဖြင့် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ ရောက်ရှိခြင်း မရှိစေရန် နိုင်ငံများတွင် ၀က်များကိုသတ်ဖြတ်ကာ သုတ်သင်ရှင်းလင်းပစ်နေရသည်။
သမိုင်းကြောင်းအရ ရေတွင် ကျက်စားနေထိုင်သော ရေဘဲများနှင့် ဌက်များ မျိုးဗီဇအရ ကပ်ရောဂါ ဖြစ်ပွားစေသော ဗိုင်းရပ်စ်ပိုး၏ မူလအစ မျိုးရိုးဗီဇများကို သယ်ဆောင်နိုင်ကြောင်း၊ ဗိုင်းရပ်စ်ပိုးများပါရှိနေသော ရေအိုင်ရှိ ရေမှတစ်ဆင့် အနီးအနားရှိ ၀က်ခြံများသို့ ရောဂါပိုး ကူးစက်ပျံ့နှံ့နိုင်ကြောင်း ၄င်းက ပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ၀က်တုပ်ကွေးဗိုင်းရပ်စ်ရောဂါအတွက် ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပ္ပဏီများအား တိုက်တွန်းလျက်ရှိသည်။
ထိုစဉ်အတွင်း မက္ကဆီကို ကျန်းမာရေးဝန်ကြီး ဟိုဆေး အိန်ဂျယ်လ် ကော်ဒိုဗာက ၀က်တုပ်ကွေးရောဂါ ကူးစက်မှုသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီဟု မိမိယူဆကြောင်း၊ ယင်းရောဂါကူးစက်ပြန့်ပွားမှုများမှာ သိသိသာသာလျော့နည်းသွားပြီ ဖြစ်ကြောင်း၊ ၀က်တုပ်ကွေးရောဂါသည် ကမ္ဘာ့နိုင်ငံများက ကနဦး စိုးရိမ်ခဲ့ကြသည်ထက် ကူးစက်နိုင်စွမ်း နည်းပါးကြောင်း ပြောကြားသည်။
အာရှနိုင်ငံများသည် ၀က်တုပ်ကွေးရောဂါ ကူးစက်မှု ဘေးအန္တရာယ်ကို တားဆီးကာကွယ်နိုင်ရန် အစွမ်းကုန် ပြင်ဆင်ထားကြသည်။ အကယ်၍ ရောဂါဖြစ်ပွားလာပါက ကုသပေးနိုင်ရန် တမိလ်ဖလူ (Tamiflu) ဆေးဝါးကို စုဆောင်းထားရှိကြကြောင်း သိရသည်။အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ)၀င် နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများသည် ယခုရက်သတ္တပတ်တွင် ထိုင်းနိုင်ငံ၌ တွေ့ဆုံကာ ၀က်တုပ်ကွေးရောဂါ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန် ကိစ္စကို ဆွေးနွေးကြမည် ဖြစ်သည်။