တိုင်းရင်းသားပြည်သူများ အတည်ပြုပြီးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို ပြည်သူများက တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ရေး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်မှာကြား







ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ရောက်ရှိနေသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် သည် ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံလေဆိပ် လေယာဉ်ပြေးလမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့်ပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း) ဥက္ကဋ္ဌ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး၊ အစိုးရအဖွဲ့-အဖွဲ့ဝင် ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ရဟတ်ယာဉ်များဖြင့် ထွက်ခွာလာကြရာ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ကျိုင်းတုံခရိုင် မိုင်းယန်းမြို့သို့ ရောက်ရှိသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မိုင်းယန်းတပ်နယ်မှ ဗိုလ်မှူးကြီးဝင်းနိုင်၊ ကျိုင်းတုံခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးလှဝင်းတင်၊ မိုင်းယန်းမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းယန်းမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံခန်းမ၌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဆေးရုံအုပ်ကြီး ဒေါက်တာရဲမြင့်အောင်က မိုင်းယန်းမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ဆေးရုံ၌ လူနာများအား ဆေးဝါးကုသပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဖြိုးနှင့် ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာကျော်မြင့်တို့က မိုင်းယန်းမြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ပံ့ပိုးပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားသည်။