ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်- ရန်ကုန်လမ်းအပိုင်း)
လမ်းအသုံးပြုခများ ဧပြီလကုန်မှ စတင်၍ ကောက်ခံမည်
လမ်းအသုံးပြုခ ကောက်ခံသည့်အခါ Pre Paid Card စနစ်ဖြင့် ငွေကြိုတင်ပေးသွင်းနိုင်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်- ရန်ကုန်လမ်းအပိုင်း) ကို ၂၅-၃-၂၀၀၉ရက်တွင် ဖွင့်လှစ်ပေးခဲ့ပြီး ထိုရက်မှစ၍ ၂၉-၄-၂၀၀၉ ရက်အထိ စမ်းသပ်မောင်းနှင်ကာလအဖြစ် လမ်းအသုံးပြုခ ပေးစရာမလိုဘဲ ဖြတ်သန်းမောင်းနှင်နိုင်ခဲ့သည်။ ၃၀-၄-၂၀၀၉ ရက်မှစ၍ လမ်းအသုံးပြုခ ကောက်ခံသွားမည်ဖြစ်သည်။ လမ်းအသုံးပြုခ ကောက်ခံရာတွင် စနစ်ဖြင့် ငွေကြိုတင်သွင်းထားနိုင်ကြောင်း သိရသည်။ ထိုကဲ့သို့ ငွေကြိုတင်သွင်းထားပါက ဂိတ်တွင်ကားကို ရပ်ပေးရန်မလိုဘဲ ကီလိုမီတာ ၂၀ အမြန်နှုန်းဖြင့် ဖြတ်သန်းမောင်းနှင်နိုင်မည် ဖြစ်သည်။
Pre Paid Card စနစ်ဖြင့် ငွေကြိုတင်ပေးသွင်းပြီး ဖြတ်သန်းမောင်းနှင်နိုင်မှုနှင့် ပတ်သက်၍ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသို့ သွားရောက်မေးမြန်းပြီး သိရှိသမျှကို ပြည်သူများသိရှိနိုင်ရန် ပြန်လည်ရေးသား ဗဟုသုတ မျှဝေလိုက်ပါသည်။
ကြိုတင်အခပေးစနစ် ပြုလုပ်ပုံမှာ ငွေကောက်ခံရေး စခန်းတိုင်းရှိ အရောင်းကောင်တာတွင် Pre Paid Card ကို ၀ယ်ယူပြီး ယင်းကဒ်၌ မိမိသွားလိုသော ခရီးအတွက် အသုံးပြုခတန်ဖိုးကို ထည့်သွင်းရမည်ဖြစ်သည်။ Pre Paid Card၏ သက်တမ်းမှာ ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးခံရမှုမှအပ ငါးနှစ်အထိ မပျက်ဆီးနိုင်ပါ။ ကတ်အသုံးပြုခွင့် ကုန်ဆုံးသွားပါက ငွေကန်ုသွားသောကတ်တွင် ငွေကြေးထပ်မံဖြည့်တင်းသော စနစ် Top Up ပြုလုပ်အသုံးပြုနိုင်ပြီး Top Up ထပ်မံဖြည့်တင်းငွေကို ရောက်ရှိသည့် ငွေကောက်ခံရေး စခန်းတွင် ဖြည့်တင်းပေးနိုင်သည်။
အသုံးပြုပုံစနစ်မှာ Pre Paid Cardကို ယာဉ်၏ ရှေ့လေကာမှန်ပေါ်တွင် တပ်ဆင်ရမည်ဖြစ်ပြီး ငွေကောက်ခံရေးစခန်းမှ ကွန်ပျူတာဖြင့် ဖတ်ယူစစ်ဆေးမည်ဖြစ်သည်။ ခရီးစဉ်အတွက် ငွေသွင်းလာခြင်း မှန်ကန်ပါက မောင်းတံ အလိုအလျောက် ဖွင့်ပေးမည်ဖြစ်သည်။ ငွေကောက်ခံရေးစခန်းတွင် ကီလိုမီတာ ၁၀၀ အမြန်နှုန်းမှ ၈၀၊ ၆၀၊ ၄၀ အမြန်နှုန်း အဆင့်ဆင့် လျှော့ချ၍ ကီလိုမီတာ အမြန်နှုန်း ၂၀တွင် ကွန်ပျူတာမှ ဖတ်ပြီး ယင်းနောက် မောင်းတံ အလိုအလျောက် ပွင့်သွားကာ ဆက်လက်ထွက်ခွာနိုင်မည် ဖြစ်သည်။