မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း၏ အနှစ်(၂၀)မြောက် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပရာ သဘာပတိ ဦးခင်မောင်သွင် (AFP) က အဖွင့်အမှာစကားပြောကြားပြီး နှစ်ပတ်လည် အစီရင်ခံစာကို အသင်းဥက္ကဋ္ဌ ဦးစ၀်ကိုင်ဖ (Mainichi) က တင်ပြ၍ ငွေစာရင်းရှင်းတမ်းကို အသင်းအတွင်းရေးမှူး ဦးသစ္စာလှထွေး (TBS) က တင်ပြရာ အသင်းက အတည်ပြုသည်။
ထို့နောက် ၂၀၀၉-၂၀၁၀ခုနှစ်အတွက် အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ရာတွင် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းနာယကအဖြစ် ဦးလှထွေး ( Nihon Keizai Shimbun ) ၊ ဥက္ကဋ္ဌအဖြစ် ဦးစ၀်ကိုင်ဖ (Mainichi)၊ ဒုတိယဥက္ကဋ္ဌအဖြစ် Mr.Zhang Yunfei (Xinhua)၊ အတွင်းရေးမှူး ဦးသစ္စာလှထွေး (TBS)၊ တွဲဖက်အတွင်းရေးမှူး ဦးမြတ်သူရ ( Kyodo News)၊ ဘဏ္ဍာရေးမှူး ဦးဟန်ထွေးအောင် ( TV Asahi) နှင့် စာရင်းစစ် ဦးမင်းဇော် (Tokyo Shimbun) တို့အား ရွေးချယ်တင်မြှောက်ကြသည်။ ထို့နောက် နာယက ဦးလှထွေးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အစည်းအဝေးအပြီးတွင် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရာ အထူးဖိတ်ကြားထားသူများ၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း၏ ဂုဏ်ထူးဆောင်အသင်းဝင်များဖြစ်ကြသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H.E. Yasuaki Nogawa ၊ ဦးသိန်းထွန်း(ထွန်းဖောင်ဒေးရှင်းဘဏ်ဥက္ကဋ္ဌ)နှင့် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက် များအသင်းမှ သတင်းထောက်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။