စည်းလုံးညီညွတ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးမြှင့်ဖော်ဆောင် ပြည်နယ်နှင့်တိုင်းများ တစ်ဆက်တစ်စပ်တည်းဖြစ်ရေး ဝိုင်းဝန်းကြိုးပမ်း
(၆၄)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက အကောင်အထည်ဖော် ဖောက်လုပ်ခဲ့သည့် ဥသျှစ်ပင်-ကံမ ရထားလမ်းပိုင်း ဖွင့်ပွဲအခမ်းအနားကို ဥသျှစ်ပင်ဘူတာ ဥပစာရှေ့၌ မတ်လ၂၂ရက်နေ့က ကျင်းပခဲ့ရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးသူရရွှေမန်း တက်ရောက်ခဲ့သည်။ ပြည်ထောင်စုကြီးတစ်ရပ်လုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံကိန်းများ စနစ်တကျချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ၌ နယ်မြေဒေသတစ်ခုနှင့်တစ်ခုအကြား လွယ်ကူချောမွေ့စွာ သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကွန်ရက်သည် အခြေခံလိုအပ်ချက်ပင်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ၏ "လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ခြင်းဟာ ပြည်သူတွေ၏ လူမှုစီးပွားရေးအတွက် အထောက်အကူပြုသကဲ့သို့ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ကူးလူးဆက်သွယ် သွားလာနိုင်သည့် စည်းလုံးညီညွတ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေလည်းဖြစ်ကြောင်း" ဟူသည့် လမ်းညွှန်မှာကြားချက်နှင့်အညီ လမ်းတံတားများအပါအဝင် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို မဟာဗျူဟာကျကျ အကွက်ချ၍ ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံ တည်ဆောက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် ပြည်နယ်နှင့်တိုင်းများ၏ လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားလာစေရန်အတွက် ရထားလမ်းများကို ကွန်ရက်သဖွယ် စီမံကိန်းများချမှတ်ကာ ဖောက်လုပ်လျက်ရှိပေသည်။
နိုင်ငံတကာ၌ ပြောင်းလဲတိုးတက်လာသော နည်းပညာသစ်များနှင့်အတူ သယ်ယူပို့ဆောင်ရေးအပိုင်း၌ ကဏ္ဍသစ်များ တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်၍ ရထားပို့ဆောင်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးစေရေးအတွက် ရထားလမ်းဟောင်းများ ပြုပြင်အဆင့်မြှင့်တင်ခြင်း၊ လမ်းသစ်များဖောက်လုပ်ခြင်း၊ အဓိကကျသော လမ်းခရီးများတွင် တစ်လမ်းသွားအဆင့်မှ နှစ်လမ်းသွား ဒွေးလမ်းအဆင့်တိုးမြှင့်ခြင်း၊ ဘူတာရုံအသစ် တိုးချဲ့ခြင်းနှင့် မြို့ကြီးများမှ ဘူတာရုံများကို နိုင်ငံတကာအဆင့် မြှင့်တင်တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုဖွင့်လှစ်သည့် ဥသျှစ်ပင်-ကံမ ရထားလမ်းပိုင်းသည် ၃၅မိုင်ရှည်လျားပြီး ကြံခင်း-ပခုက္ကူ ရထားလမ်း မိုင်၃၂၀၏ အစိတ်အပိုင်းဖြစ်သည်။ ကြံခင်း-ဥသျှစ်ပင် ရထားလမ်း မိုင်၄၀ကို ၂၀၀၈ခုနှစ်မတ်လ၁ရက်နေ့တွင် ဖွင့်လှစ်ပြီးဖြစ်၍ ယခုအခါ ပုသိမ်မှကြံခင်း၊ ကြံခင်းမှကံမအထိ ၂၂၂မိုင်တစ်ဆက်တစ်စပ်တည်း သွားလာနိုင်ပြီဖြစ်သည်။ သို့ဖြစ်ပေရာ နိုင်ငံတော်အစိုးရသည် ပထဝီအနေအထားအရ ရေမြေခြားနေမှုကို တစ်ဆက်တစ်စပ်တည်းဖြစ်ရန် နယ်စပ်ဒေသများပါမကျန် လမ်းတံတားအပါအဝင် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို မဟာဗျူဟာကျကျ ဖော်ဆောင်ပေးလျက်ရှိရာ မကြာမီကာလအတွင်း ပြည်နယ်နှင့်တိုင်းများအကြား အမျိုးသားမီးရထားကွန်ရက်ကြီး ဖြစ်ထွန်းလာတော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

0 comments:
Post a Comment