နိုင်ငံတော်အစိုးရသည် နိုင်ငံတစ်ဝန်းလုံး၌ စီးပွားရေးအခြေခံများ၊ လမ်းပန်းဆက်သွယ်မှုအခြေခံများနှင့် အခြားဖွံ့ဖြိုးတိုးတက်ရေးအခြေခံများကို ပြည့်စုံလုနီးပါး ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ ယင်းသို့ကြိုးပမ်းတည်ဆောက်ခဲ့၍ ဧရာဝတီတိုင်းအပါအဝင် ပြည်ထောင်စုတစ်ဝန်း သိသာထင်ရှားစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် ဧရာဝတီတိုင်းတစ်တိုင်းလုံး ကွက်ပြည့်ဖွံ့ဖြိုးလာစေရန် ပုသိမ်၊ ဟသာင်္တနှင့် မအူပင်ဒေသများကို ဖွံ့ဖြိုးရေးအထူးဒေသများအဖြစ် သတ်မှတ်၍ ပညာရေးနှင့်ကျန်းမာရေး အဆင့်အတန်းများကို ဖြည့်ဆည်းပေးခဲ့သဖြင့် ပိုမိုမြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက် စည်ပင်လာခဲ့သည်။
ဤကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ခဲ့ခြင်းသည် နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်မှုအောက်၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ၏ တက်ညီလက်ညီ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ဧရာဝတီတိုင်းသားများ၏ ပူးပေါင်းဆောင်ရွက်တတ်မှု၊ အပြန်အလှန်စေတနာထား ပံ့ပိုးကူညီ စောင့်ရှောက်တတ်မှု စသည့်ကောင်းမြတ်သော အလေ့အထကောင်းများကို နာဂစ်မုန်တိုင်းကယ်ဆယ်ရေး၌ လက်တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ ဒေသခံပြည်သူများ မိမိမွေးရပ်ဇာတိ၏ ဖွံ့ဖြိုးရေးကို စိတ်ဝင်စားစွာ စေတနာရှိရှိ လုပ်ကိုင်ဆောင်ရွက်မှု၊ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးအထောက်အကူပြုမှု စသည်တို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ရရှိလာခဲ့ခြင်းဖြစ်သည်။
ဤမျှပြင်းထန်သော သဘာဝဘေးဒဏ်ကို မကြုံစဖူးရင်ဆိုင်ခဲ့ရသော်လည်း မျိုးချစ်စိတ်ဓာတ်ရှိရှိ၊ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှု၊ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် စောင့်ရှောက်လုပ်ကိုင်မှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်း၊ ဆားလုပ်ငန်း၊ ရေလုပ်ငန်းအဝဝသည် ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့ဖြစ်ပေရာ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ဝန်ထမ်းများ၊ ပြည်သူများသည် ကြိုးကြိုးစားစားနှင့် လုပ်ဆောင်ကြပြီး နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ဟန်ချက်ညီညီ ပေါင်းစည်းညီညွတ်မှုအင်အားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အရောက်ချီတက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။