နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ကြိုးပမ်း ဒေသဖွံ့ဖြိုးရေး ဒေသခံတိုင်းရင်းသားပြည်သူများ လက်တွဲပါဝင်
နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုတစ်ဝန်းလုံး မျှမျှတတဖွံ့ဖြိုးတိုးတက်စေရန် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးစီမံကိန်း၊ မအထူးဖွံ့ဖြိုးရေးဒေသ(၂၄)ခုစီမံကိန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ချမှတ်ကာ ဖော်ဆောင်ပေးလျက်ရှိသည်။ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၇)ဖွဲ့နှင့် အဖွဲ့ငယ်များ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ပြီးနောက် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းလာခဲ့ပြီး ဖွံ့ဖြိုးစည်ပင်လာခဲ့ပြီဖြစ်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး နယ်မြေဒေသ တည်ငြိမ်မှုမရှိခဲ့သော ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်သည် တပ်မတော်အစိုးရလက်ထက် ယနေ့အချိန်အခါ၌ ဖွံ့ဖြိုးတိုးတက်လျက် ရှိနေပြီဖြစ်သည်။ တန့်ယန်းမြို့သည် လားရှိုးမြို့မှ ၈၃မိုင်ကွာဝေးပြီး ပင်လယ်ရေအမြင့်ပေ၃၀၀၀တွင် ရှိသောမြို့ဖြစ်သည်။ လားရှိုးမှနေ၍ နမ့်ပေါင်၊ ဟိုယ၊ နမ့်တုံး၊ လွိုင်ငင်းနှင့် ကျေးရွာ၂၀ကျော်ခန့် ဖြတ်ကျော်သွားရောက်ရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ ကျေးရွာများဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး အခြေခံပညာမူလတန်းကျောင်း၊ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးစက်များ၊ အသေးစားရေအားလျှပ်စစ် ထုတ်လုပ်၍ အသုံးပြုနေပြီဖြစ်သည်။ တန့်ယန်းမြို့နယ်၌ တိုင်းရင်းသားပြည်သူများသည် ဘိန်းအစားထိုးသီးနှံအဖြစ် ကော်ဖီ၊ လက်ဖက်၊ ရော်ဘာတို့ကို စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသည်။ မြေပဲဧက ၃၂၀၀စိုက်ပျိုးရန် လျာထားခဲ့ရာ ဧက၄၇၅၀စိုက်ပျိုးနိုင်ခဲ့သည်။ ၂၀၀၉ခုနှစ် နွေစပါးဧက၉၀၀ သတ်မှတ်ထားခဲ့ရာ သတ်မှတ်ချက်ထက်ကျော်လွန်ပြီး ဒေသဝမ်းစာဖူလုံရန် ကြိုးပမ်းလျက်ရှိသည်။
သို့ဖြစ်ပေရာ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသော နယ်စပ်ဒေသများကို တပ်မတော်အစိုးရလက်ထက်တွင် အကြားအလပ်မရှိ ဖွံ့ဖြိုးစေရန် ဖော်ဆောင်ခဲ့ရာ၌ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူတို့၏ ကြိုးပမ်းအားထုတ်မှု၊ လုံ့လဝီရိယစိုက်ထုတ်မှုတို့ကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့အပါအဝင် နယ်စပ်ဒေသများ ဖွံ့ဖြိုးစည်ပင်လာလျက်ရှိပြီး မိမိတို့၏ဒေသ ပိုမိုဖွံ့ဖြိုးလာရေးအတွက် နိုင်ငံတော်နှင့်အတူ လက်တွဲပါဝင် ကြိုးပမ်းသွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

0 comments:
Post a Comment