အမှတ်(၂)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်းသည် မတ် ၉ ရက် ညနေပိုင်းတွင် ပဲခူးတိုင်း ရေတာရှည်မြို့နယ် သာဂရစက်မှုနယ်မြေရှိ ရေအားလျှပ်စစ်တာဘိုင်နှင့် ဂျင်နရေတာထုတ်လုပ်မှုစက်ရုံစီမံကိန်း၌ စက်ပစ္စည်းများ ရောက်ရှိမှု၊ စက်အထိုင် Machine Foundation များ တည်ဆောက်ပြီးစီးမှုနှင့် တပ်ဆင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဘက်စုံသုံး ဒီဇယ်အင်ဂျင် ထုတ်လုပ်မှုစက်ရုံစီမံကိန်း၌ Machine Shop No(1) နှင့် No(2) တို့အတွက် စက်ပစ္စည်းများရောက်ရှိမှုနှင့် တပ်ဆင်ပြီးစီးမှုများကို လည်းကောင်း၊ Forging Shop ရှိ (16) Ton Press Machine အတွက် တန် ၃၀၀၀ ခံနိုင်သော Machine Foundation တည်ဆောက်ပြီးစီးမှု အခြေအနေကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ Machine Foundation နှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီအပြီးသတ် ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ၀န်ကြီးသည် မြေထိုးမြေတူး ယန္တရားထုတ်လုပ်မှုစက်ရုံ၏ ထုတ်လုပ်မှုလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးကာ ထုတ်လုပ်မှုကို လာမည့်ဘဏ္ဍာရေးနှစ်အတွင်း တိုးမြှင့်ထုတ်လုပ်သွားရန်၊ မိမိတို့စက်ရုံအနေဖြင့် Localization ပြုလုပ်နိုင်မည့် အစိတ်အပိုင်း အမယ်သစ်များတိုးမြှင့်ထုတ်လုပ်သွားကြရန်၊ ကုန်ကြမ်း လိုအပ်မှုကို တွက်ချက်တင်ပြရန်နှင့် Workmanship ကောင်းကောင်းဖြင့် ထုတ်လုပ်မှု ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။