သီလ၀ါဆိပ်ကမ်းရှိ ကုန်သေတ္တာ စစ်ဆေးရေးစခန်းနှင့် အေးရှားဝေါလ်ဆိပ်ကမ်းရှိ ကုန်သေတ္တာစစ်ဆေးရေးစခန်း
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဗိုလ်ချုပ်လှထွန်း ကြည့်ရှုစစ်ဆေး
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်လှထွန်းသည် ဖေဖေါ်ဝါရီ ၇ ရက် မွန်းလွဲပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ အကောက်ခွန်ဦးစီးဌာန လေဆိပ်ကုန်လှောင်ရုံသို့ ရောက်ရှိလာသော ပစ္စည်းများကို စိစစ်ခြင်း၊ လက်ခံခြင်း၊ စာရင်းသွင်းမှတ်သားခြင်း၊ စနစ်တကျ ထားသိုသိမ်းဆည်းခြင်း၊ သွင်းကုန်ကြေညာလွှာအရ စိစစ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် လေဆိပ်ကုန်လှောင်ရုံ အစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံသောင်းနှင့် ကုန်လှောင်ရုံ တာဝန်ခံအရာရှိများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ၀န်ကြီးက လုပ်ငန်းတာဝန်များကို ရိုးဖြောင့်မှန်ကန်စွာ ဆောင်ရွက်ကြရေး မှာကြားသည်။ ဆက်လက်၍ ၀န်ကြီးသည် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)၌ ပို့ကုန်/သွင်းကုန်များ ဆိုင်ရာ အခွန်စည်းကြပ်ကောက်ခံခြင်း၊ တရားမ၀င် တင်သွင်း/တင်ပို့မှုများကို စိစစ်ကြပ်မတ်ခြင်း၊ ကာကွယ်တားဆီးခြင်း၊ စုံစမ်းဖော်ထုတ်အရေးယူခြင်း စသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ၀န်ကြီးသည် ဗိုလ်အောင်ကျော် ကုန်သေတ္တာစစ်ဆေးရေးစခန်း၊ သီလ၀ါဆိပ်ကမ်းရှိ ကုန်သေတ္တာ စစ်ဆေးရေးစခန်းနှင့် အေးရှားဝေါလ်ဆိပ်ကမ်းရှိ ကုန်သေတ္တာစစ်ဆေးရေးစခန်းတို့၌ X-Ray Scanning စက်များဖြင့် ကုန်သေတ္တာများ စစ်ဆေးလျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်မှုတိုင်း ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးဂရုပြု ဆောင်ရွက်သွားကြရေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။