အမျိုးသားရေး ဂုဏ်သိက္ခာနှင့် အမျိုးသားရေးစွမ်းအားများ ခိုင်မာတိုးတက်စေရေး တိုင်းရင်းသားအားလုံး တပေါင်းတစည်းတည်း စုပေါင်းလုပ်ကိုင်ကြရန် အရေးကြီး




ဖွံဖြိုးရေးအခြေခံကောင်းများလက်ဆင့်ကမ်းနိုင်အောင်သမိုင်းပေးတာဝန်အဖြစ် အားထုတ်ကြိုးပမ်း
အခြေခံကောင်းများသည် အရေအတွက်ရော အရည်အချင်းအရပါ ပြောင်းလဲတိုးတက်နေ နိုင်ငံတော်၏အနာဂတ်ကို မူဝါဒလမ်းစဉ်များအတိုင်း ဖန်တီးတည်ဆောက်သွားမည်

နိုင်ငံတော်၏ တိုးတက်လာသော စီးပွားရေးနှင့် မရှိမဖြစ်လိုအပ်သော စက်မှုဆိုင်ရာ အသိပညာနှင့် အတတ်ပညာရှင်များ ပြုစုပျိုးထောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့၌ တည်ဆောက်ပြီးစီးသွားသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စက်မှုနှင့်သက်မွေးပညာဦးစီးဌာန နည်းပညာ တက္ကသိုလ်(လွိုင်ကော်)ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်တွင် အဆိုပါ ကျောင်းဆောင်သစ်ဥပစာရှေ့၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်ချီးမြှင့်ပြီး ကမ္ပည်းမော်ကွန်းကြေးပြားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
အဆိုပါ ကျောင်းဆာင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရာပြည့်၊ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ကယားပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဝင်းမြင့်၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွိုင်ကော် တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်၊ ခေတ္တကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ နည်းပညာတက္ကသိုလ်(လွိုင်ကော်) ခေတ္တကျောင်းအုပ်ကြီး ဒေါက်တာသီတာဝင်း နှင့် ဌာနမှူးများ၊ ကထိကဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များ၊ သူနာပြုများ၊ ဖိတ်ကြားထားသူများ၊ ဘင်ခရာနှင့် ပန်းဖွားအကအဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာ တေးဂီတ အဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်ဖွဲ့ပွဲ အခမ်းအနားကို ကျောင်းဆောင်သစ်ဥပစာရှေ့၌ ကျင်းပရာ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ ရှမ်းပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရာပြည့်နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးသောင်း တို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။