နေပြည်တော်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိ စေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ်၊ ရွှေကြာသင်္ကန်းတော်ကပ်၊ ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ





နေပြည်တော်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိ စေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ်၊ ရွှေကြာသင်္ကန်းတော်ကပ်၊ ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၃ နာရီက နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တက်ရောက်၍ အမှာစကားပြောကြားသည်။

တက်ရောက်

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်၊ စေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များ၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ တပ်မတော် အရာရှိကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဥပ္ပါတသန္တိ စေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက အမှာစကားပြောကြားရာ၌ မဟာမင်္ဂလာ အခမ်းအနားတွင် ဆောင်ရွက်ကြမည့် သက်ဆိုင်ရာ ကော်မတီများအနေဖြင့် မိမိတို့လုပ်ငန်းများအလိုက် ချို့ယွင်းချက် မဖြစ်အောင်စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန်၊ အထူးသဖြင့် ဆရာတော်များ သီတင်းသုံးနိုင်ရေးအတွက် နေရာချထားရေးအဖွဲ့များက အလေးထားဆောင်ရွက်ရန်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ယခုကျင်းပမည့် သာသနာရေးဆိုင်ရာ အခမ်းအနားများသည် နေပြည်တော်၌ ပထမဦးဆုံး ကျင်းပဆောင်ရွက်ခြင်းဖြစ်၍ ၀န်ကြီးဌာနများနှင့် ကော်မတီ အသီးသီးတို့အနေဖြင့် ၀ိုင်းဝန်းညှိနှိုင်း ကူညီဆောင်ရွက်ကြရန်၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း စနစ်တကျ စစ်ဆေးကြပ်မတ် ဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာ ကော်မတီအသီးသီးနှင့် ၀န်ကြီးဌာနများမှ ဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်သည်များ ဝိုင်းဝန်းအကြံဥာဏ်ပေး ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားသည်။