ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခိုင်အမာကြိုးပမ်းတည်ဆောက်
ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားများသည် ရှေးပဝေသဏီကတည်းက မြန်မာ့မြေပေါ်တွင် မရှိအတူရှိအတူ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် တစ်စိတ်တစ်ဝမ်းတည်း ပေါင်းစည်းနေထိုင်လာခဲ့ကြသူများ ဖြစ်ကြသည်။ ကုန်းဘောင်မင်းဆက် လက်ထက်၌ ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲမှုကိုခံခဲ့ရ၍ စည်းလုံးညီညွတ်မှု ပျက်ပြားကာ ပြည်ထောင်စုစိတ်ဓာတ် မှေးမှိန်ခဲ့ရပြီး ကိုလိုနီနယ်ချဲ့လက်အောက် နှစ်ပေါင်းတစ်ရာကျော် ကျရောက်ခဲ့ရသည်။
မြန်မာတိုင်းရင်းသားများသည် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးကို အတူတကွ ရယူမည်ဟူသော တိုင်းရင်းသား စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကို ၁၉၄၇ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံညီလာခံ၌ အခိုင်အမာ ပြသခဲ့ပေသည်။ ပင်လုံမြေ၌ ရရှိခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အချုပ်အခြာ အာဏာပိုင်ဆိုင်သော လွတ်လပ်ရေးကို လက်ဝယ်ပိုင်ပိုင် ပြန်လည်ရယူနိုင်ခဲ့သည်။ မြန်မာတိုင်းရင်းသား လူမျိုးစုတို့သည် အတူတကွ စုပေါင်းနေထိုင်လာခဲ့ကြသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ဖြစ်သည်။ ပြည်ထောင်စုဒေသအနှံ့၌ ယဉ်ကျေးမှုအဖုံဖုံနှင့် နေထိုင် ခဲ့ကြသော်လည်း သနားကြင်နာတတ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ကူညီရိုင်းပင်းလိုစိတ်ရှိခြင်း၊ ခွင့်လွှတ်သည်းခံနိုင်ခြင်း စသည့် တူညီတေသာ သဘောသဘာဝများရှိကြသည်။
တပ်မတော်အစိုးရလက်ထက် စိတ်ရင်းစေတနာအမှန်နှင့် ဆောင်ရွက်ခဲ့သည့်အတွက် မည်သည့်ခေတ်၊ မည်သည့်အခါနှင့် မျှမတူသော တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့သည်။ နယ်စပ်ဒေသများပါမကျန် နိုင်ငံတစ်ဝန်းလုံး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးခဲ့သည်။
သို့ဖြစ်ပေရာ တိုင်းရင်းသားပြည်သူများသည် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေး အတွက် တက်ညီလက်ညီ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရင်း ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့အရောက် ခိုင်ခိုင်မြဲမြဲချီတက်ကြရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

0 comments:
Post a Comment