မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့စိတ်ဓာတ် တန်ဖိုးထားထိန်းသိမ်း မြန်မာ့ရုပ်ရှင်လောက အရည်အသွေးမြင့်မားရန် ၀ိုင်းဝန်းကြိုးပမ်း
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်းက ၂၀၀၇ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် (အကယ်ဒမီ) ဆုချီးမြှင့်သည့် အခမ်းအနားကို နေပြည်တော်မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ ဖေဖေါ်ဝါရီ ၇ ရက်နေ့ ညနေက ကျင်းပခဲ့သည်။
နိုင်ငံတော်အစိုးရသည် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရန် အားပေးချီးမြှင့်နေသကဲ့သို့ ရုပ်ရှင်လောကသားများ မှီခိုအားထားရာဖြစ်သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့သစ်ကို ၂၀၀၇ခုနှစ်တွင် ဒုတိယ အကြိမ် ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး လူသစ်စိတ်သစ် အင်အားသစ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကျွမ်းကျင်တတ်မြောက်သော ရုပ်ရှင်ပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ရုပ်ရှင်နှင့်ပြဇာတ် သုံးနှစ် ဘွဲ့ကြိုသင်တန်းကို ၂၀၀၇ ခုနှစ်မှ စတင်ဖွင့်လှစ်ပို့ချပေးခဲ့သည်။
ယင်းသင်တန်းသည် ရုပ်ရှင်၊ ဗီဒီယိုနှင့် ပြဇာတ်ပညာရပ်များကို စနစ်တကျတတ်မြောက်သည့် မျိုးဆက်သစ် ပညာရှင်များ ပေါ်ထွန်းလာပြီး အရည်အသွေးအဆင့်အတန်းမြင့်သော ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားကောင်းများ ထုတ်လုပ်နိုင်ရေးကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။
မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရန် ရုပ်ရှင်အနုပညာ အတတ်ပညာဆိုင်ရာ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကို အခါအားလျော်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ရုပ်ရှင်လောကသားများ စိတ်ပိုင်းနှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အရည်အသွေး မြင့်မားတိုးတက်လာရန်လည်း လေ့ကျင့်စည်းရုံး ဆောင်ရွက်ပေးလျက်ရှိသည်။
ရုပ်ရှင်သည် ပြည်သူများအပေါ် သြဇာလွှမ်းမိုးသက်ရောက်မှုရှိရာ လူငယ်များ၏စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ တို့ကို စံပြဖြစ်ရန်နေထိုင်ကျင့်ကြံကြရမည် ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့စိတ်ဓာတ်၊ မြန်မာမှု၊ လူ့တန်ဖိုးနှင့်ကိုက်ညီရန် ထိန်းသိမ်းဖော်ထုတ်သွားကြရမည် ဖြစ်သည်။
သို့ဖြစ်ပေရာ မိမိနိုင်ငံ၊ မိမိလူမျိုး၊ လူမှုဓလေ့စရိုက်များကို ပုံဖော်တင်ပြရာ၌ ရုပ်ရှင်အနုပညာရှင်များသည် နိုင်ငံနှင့် လူမျိုးမျက်နှာ၊ ဂုဏ်သိက္ခာနှင့်တန်ဖိုးကို အများပြည်သူလေးစားလာရန် ထင်ဟပ်ဖော်ကျူးကြရမည် ဖြစ်ပြီး မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရန်၊ အရည်အသွေးမြင့်လာရန် ၀ိုင်းဝန်းလက်တွဲ ကြိုးပမ်းသွားရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

0 comments:
Post a Comment