ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ကုန်းမြင့်သာရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် နွေစပါး ပန်းတိုင်အထွက်နှုန်း တစ်ဇက တင်း ၁၀၀ ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာ၌ ယင်းနိုင်ငံပိုင်မြေများတွင် စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် လယ်သမားများ အကျိုးတူပူးပေါင်းပြီး ပန်းတိုင်အထွက်နှုန်း တစ်ဧက စပါးတင်း၁၀၀ ထွက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ယင်းသို့ စိုက်ပျိုးရာတွင် သိပ္ပံနည်းကျ စိုက်ပျိုးခြင်း၊မျိုးကောင်းမျိုးသန့် စပါးမျိုးများ အသုံးပြုခြင်း၊ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ အချိုးကျ ထည့်သွင်းအသုံးပြုစိုက်ပျိုးရန် ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ကလယ်မြေများအတွက် စိုက်ပျိုးရေရရှိရေးနှင့် ရေတင်စက်များအတွက် လျှပ်စစ်မီးများရရှိရေးဆောင်ရွက်ပေးမှု၊ ရေသွယ်မြောင်းများဖောက်လုပ်ပြီးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌမြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက စိုက်ပျိုးရေးလုပ်ငန်းရှင်များအား စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများအား ဈေးနှုန်းချိုသာစွာဖြင့် ဌားရမ်းအသုံးပြုခွင့် ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်း စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တာဝန်ရှိသူများက စပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ရေးနှင့် မိမိတို့ဌာနအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်တင်ပြကြသည်။
ထို့နောက် ဇုန်(၁) တာဝန်ခံ ဒဂုန်အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်ဥက္ကဌ ဦးဝင်းမြင့်တို့က လုပ်ငန်းဆောင်ရွက်ရန်အတွက် စက်ကိရိယာများ စုဆောင်းထားရှိမှုနှင့် လုပ်ငန်းများဆောင်ရွက်နေမှု၊ နွေစပါးစိုက်ပျိုးရေးအတွက် ပျိုးထောင်ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ စိုက်ပျိုးရေးလုပ်ငန်းများက မိမိတို့ လုပ်ငန်းအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီုးမြင့်ဆွေက နွေစပါးစိုက်ပျိုးရေးအတွက် လုပ်ငန်းများစတင်ဆောင်ရွက်ရန်၊ ကုန်ထုတ်လမ်းများ အမြန်ဖောက်လုပ်ရန်၊ ကုန်ထုတ်လမ်းများကို အနည်းဆုံးနှင့် အထိရောက်ဆုံး အသုံးချနိုင်ရေးအတွက်ဖောက်လုပ်ရန်၊ စိုက်ပျိုးရေရရှိရေးအတွက် ရေသွယ်မြောင်းများ ဖော်ထုတ်သွားရန်၊ ဆန်အရည်အသွေး ထိန်းသိမ်းရေးအတွက် အထွက်တိုးစပါးမျိုးတူများ စိုက်ပျိုးသွားကြရန် ၊ လုပ်ငန်းရှင်များ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာစွာ သုံးစွဲရေးဆောင်ရွက်ရန် လိုအပ်သည်များကို မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။