ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပြည်ပြည်ဆိုင်ရာ တိုင်းရင်းဆေးဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ နိုဝင်ဘာ ၇ရက်က ကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားဆေးပညာရပ်၏ အခြေခံသတ်မှတ်ချက်များ တစ်ပြေးညီ ဖြစ်စေရန်နှင့် အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးကုသ စောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းဆေးဆရာများအားလုံးကို တစ်နှစ်သင်တန်းများ မတက်မနေရ ဆောင်ရွက်ခဲ့သည်။
တိုင်းရင်းဆေးသိပ္ပံဖွင့်လှစ်၍ စာတွေ့ နှစ်နှစ်နှင့် လက်တွေ့တစ်နှစ် စုစုပေါင်းသုံးနှစ် တက်ရောက်စေပြီးမှ တိုင်းရင်းဆေးဒီပလိုမာများ အပ်နှင်းခဲ့သည်။
တိုင်းရင်းဆေးတက္ကသိုလ်ကို ၂၀၀၁ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းဆေးပညာရပ်သာမက အနောက်တိုင်းဆေးပညာ အခြေခံသဘောတရားများ ပါဝင်သော ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ အဏုဇီဝဗေဒနှင့် ဆေးဝါးဗေဒဘာသာရပ်များအပြင် တရုတ်အပ်စိုက်ကု ဘာသာရပ်ကိုလည်းထည့်သွင်း သင်ကြားပေးခဲ့သည်။
မြန်မာတိုင်းရင်းဆေးနှင့် စပ်လျဉ်း၍ ယင်းညီလာခံတွင် အဓိကရောဂါကြီး ခြေက်မျိုးဖြစ်သည့် ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါ၊ ၀မ်းပျက်ဝမ်းလျှောရောဂါနှင့် ၀မ်းကိုက်ရောဂါတို့ကို တိုင်းရင်းဆေးဖြင့် ကုသနိုင်ရေးအတွက် သုတေသနလုပ်ငန်းများအား ဦးစားပေးဆောင်ရွက်လျက်ရှိမှုတို့ကို ထည့်သွင်းဆွေးနွေးခဲ့ပေသည်။
ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်ရေးအတွက် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပေကျင်းကြောညာစာတမ်းကို ချမှတ်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
ပေကျင်းကြေညာစာတမ်းကို ညီလာခံတက်ရောက်ကြသူများက ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အတည်ပြုချက်ရယူကာ ထုတ်ပြန်ခဲ့သည်။
သို့ဖြစ်ပေရာ မြန်မာတိုင်းရင်းဆေးကောင်စီဥပဒေကို ထုတ်ပြန်အတည်ပြုခဲ့ပြီးသကဲ့သို့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် ပြပွဲများကို ကျင်းပပေးလျက်ရှိရာ နိုင်ငံတကာတိုင်းရင်းဆေးညီလာခံ၌ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာတိုင်းရင်းဆေးများ ပိုမိုအရည်အသွေး မြင့်မားလာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။