လမ်းပန်းဆက်သွယ်မှု အဆင့်မြှင့်တင်ရေး မြန်မာ့မီးရထားမှ တိုးမြှင့်သယ်ပိုးရွက်ဆောင်
လမ်းပန်းဆက်သွယ်မှုကောင်းမွန်၍ ဒေသတစ်ခုမှတစ်ခုသို့ လွယ်ကူချောမွေ့စွာ ကူးသန်းသွားလာနိုင်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ်ပိုမိုခိုင်မာလာပြီး ပြည်ထောင်စုတစ်ဝန်းရှိ တိုင်းရင်းသားများနေထိုင်ရာ ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက် ဖြစ်ထွန်းလာစေမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးသည် အဓိကကျသည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား တိုးတက်ခိုင်မာတောင့်တင်းရေး၊ တိုင်းရင်းသားပြည်သူများ လူနေမှုဘဝမြင့်မားရေး ရည်မှန်းချက်နှင့်အညီ ဘက်စုံ၊ ကဏ္ဍစုံမှ အရှိန်အဟုန်မြှင့်တင်တည်ဆောက်ရာ၌ ရထားပို့ဆောင်ရေးဝန်ကြီးဌာနသည် ကုန်စည်ပို့ဆောင်ရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးကဏ္ဍ၌ သယ်ပိုးစွမ်းဆောင်လျက်ရှိသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက တရုတ်ပြည်သူ့သမ္မတနိုင်ငံ YMEC CO. မှဝယ်ယူခဲ့သော ရထားစက်ခေါင်းများ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို နိုဝင်ဘာ၂ရက်က ရန်ကုန်ဘူတာကြီး အမှတ်(၁) စင်္ကြံ၌ ကျင်းပခဲ့သည်။ ယခုရောက်ရှိခဲ့သည့် ရထားစက်ခေါင်းသည် မြေပြန့်တွင်သာမက တောင်ပေါ်လမ်းပိုင်းများ၌ အသုံးပြုရန် ပိုမိုကောင်းမွန်သည်။ စက်ခေါင်းများအနက် ဝန်ချိန်အများဆုံးဆွဲနိုင်ပြီး ထူးခြားမှုအနေဖြင့် ကွန်ပျူတာစနစ်များ၊ အီလက်ထရွန်နစ်စနစ်များပါရှိ၍ လေယာဉ်များတွင် ပါရှိသော မှတ်တမ်းသေတ္တာများပါ ပါရှိခြင်းဖြစ်သည်။ ရထားစက်ခေါင်းအတွင်း ခေတ်မီသတင်းအချက်အလက် စနစ်များပါရှိသည့် ကိရိယာများ တပ်ဆင်ထားခြင်းဖြင့် နောက်ဆုံးပေါ်သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်သည်။
သို့ဖြစ်ပေရာ မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖြစ်ထွန်းလာစေရန် ရထားလမ်းသစ်များ တိုးချဲ့ဖောက်လုပ်ခြင်းစသည့် လုပ်ငန်းပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်စေရုံမျှသာမက ခရီးသွားပြည်သူများ လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးကိုပါ သယ်ပိုးရွက်ဆောင်လျက်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။

0 comments:
Post a Comment