နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ယမန်နေ့နံနက် ၈နာရီ ၄၅ မိနစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးတင်အေး၊ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကို၊ပဲခူးတိုင်းအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လှမင်း၊အစိုးရအဖွဲ့၊အဖွဲ့ဝင် ၀န်ကြီးများ၊ဒုတိယ၀န်ကြီးများ၊တာဝန်ရှိပုဂ္ဂများလိုက်ပါလျက် ပဲခူးတိုင်း တောင်ငူခရိုင်ရေတာရှည်မြို့နယ်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန၏ မြေထိုး၊မြေတူး ယန္တရားထုတ်လုပ်မှုစက်ရုံ(သာဂရ)ဖွင့်ပွဲအခမ်းအနား တက်ရောက်အားပေးချီးမြှင့်သည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံဖွင့်ပွဲအခမ်းအနားအပြီးတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်နေမှုနှင့် ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊အမြန်လမ်းမကြီးနှင့် တောင်ငူလမ်းပိုင်းအတွင်းရှိ လမ်းအခြေအနေများကိုလည်းကောင်း မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်ငူမြို့သို့ ရောက်ရှိကြပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် Kaung Myanmar Associates Co.,Ltd (KMA Co.,Ltd.) ၏တော်ဝင်ကေတုမတီ ဟိုတယ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးအားပေးကြသည်။
ရှေးဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဟိုတယ်ဧည့်ခန်းမ၌ တမ္မ၀တီဦးဝင်းမောင်က တော်ဝင်ကေတုမတီဟိုတယ်၏အ၀င်တံခါးများအပါအ၀င် အဆောက်အအုံများအား တောင်ငူခေတ်ဗိသုကာလက်ရာဟန်ပန်များဖြင့်တည်ဆောက်ထားမှုများကို ရှင်းလင်း တင်ပြပြီး KMA Co.,Ltd အထွေထွေမန်နေဂျာ ဒေါ်စတယ်လာကျော်ဝင်းက ဟိုတယ်ကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ သရုပ်ဖော်ထားမှုနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား KMA Co.,Ltd ဥက္ကဌ ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက ဟိုတယ်သာယာလှပရေးဆောင်ရွက်ထားမှုများ၊ဟိုတယ်တည်းခိုဆောင်များနှင့် အခန်းများဖွဲ့စည်းထားမှု၊တည်းခိုသူများအတွက် ၀န်ဆောင်မှုကောင်းအောင် ကြိုးပမ်းစီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဟိုတယ်လုပ်ငန်းနှင့်အတူ ခရီးသွားလုပ်ငန်းပါ ယှဉ်တွဲဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် တောင်ငူမြို့မှ ထွက်ခွာခဲ့ကြရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။
တော်ဝင်ကေတုမတီဟိုတယ်မှာ ၁၂ ဧက ကျယ်ဝန်းပြီး ၂၀၀၈ ခုနှစ် ဧပြီ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ဟိုတယ်မှာ ကြာ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ဖြစ်ပြီး တောင်ငူကေတုမတီခေတ်ယဉ်ကျေးမှုအမွေအနှစ်များ ရရှိခံစားနိုင်ရန် ဟိုတယ်ကို တည်ဆောက်ထားကြောင်း သိရှိရသည်။