နိုင်ငံတော်အစိုးရသည် နိုင်ငံတကာနှင့်ရင်ပေါင်တန်းပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်ပေါ်လာရန် ကြိုးပမ်း ဆောင်ရွက်ရာတွင် အမျိုးသားပညာရည် အဆင့်အတန်း မြင့်မားရန်အတွက် နှစ်၃၀နှစ်ရှည်စီမံကိန်း
တစ်ရပ်ကို ချမှတ်ဖော်ဆောင်လျက်ရှိသည်။
ယင်းစီမံကိန်းတွင် ဆရာဆရာမများ၏ အရေးပါသောအခန်းကဏ္ဍကို အလေး အနက်ထား ထည့်သွင်းထားပြီး ဆရာအတက်ပညာ အရည်အသွေး မြင့်မားရေးလုပ်ငန်းများကို အခြေခံပညာဆရာ ဆရာမများ၏ အထူးမွမ်းမံသင်တန်း ဖွင့်လှစ်၍ အကောင်အထည် ဖော်ခဲ့သည်။
ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ နိုင်ငံတကာ၌ လေးနက်သည့်ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိရာ မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံတော်တိုးတက်မှု နယ်ပယ်ကဏ္ဍစုံ၌ ပညာရေးကိုအခြေစိုက်ပြီး နိုင်ငံလိုအပ်ချက်နှင့်အညီ တိုးတက်ပြောင်းလဲလာစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။
အသိပညာ၊ အတက်ပညာ ၊ နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့် တစ်ပြေးညီ ၀ိဇ္ဇာ ၊သိပ္ပံပညာရပ်များ တိုးတက်မြှင့်မားလာစေရန် နည်းပညာပြောင်းလဲမှုများနှင့် ယှဉ်တွဲပြီး အသိပညာများ တိုးတက်လာစေရန် ပညာရေးကဏ္ဍမှတစ်ဆင့် မြှင့်တင်ဆောင်ရွက် သွားကြရမည်ဖြစ်သည်။
ယင်းသို့မြှင့်တင်ဆောင်ရွက်ရာတွင် ဆရာ ဆရာမများအပါအ၀င် ပညာရေးကဏ္ဍနှင့် ဆက်နွှယ်သူ အားလုံး သည် နိုင်ငံနှင့်လူမျိုးအတွက်ဆိုသည့် အသိအမြင် အစဉ်ထာဝရ နိုးကြားတက်ကြွစွာဖြင့် မရပ်မနား ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်သည်။
ယခုအခါ ကျေးလက်နှင့်မြို့ပြ ပညာသင်ယူနိုင်မှု အခွင့်အလမ်း အညီအမျှဖြစ်ထွန်း နေပြီဖြစ်ရာ ပညာရည် အဆင့်အတန်း ကွာခြားချက် တဖြည်းဖြည်းညီမျှ လာစေရန် ကျေးလက်အခြေခံပညာကျောင်းများ၏ ပညာအရည်အသွေးကို ပိုမိုမြှင့်တင်ပေး နိုင်ရေးအတွက်ဆရာဆရာမ များက အလေးအနက်ထား သင်ကြားပို့ချ ကြရမည်ဖြစ်သည်။
သို့ဖြစ်၍​အရည်အသွေးရှိသော ပညာရေးဖြစ်ထွန်းလာစေရန် အရည်အချင်းပြည့်ဝသည့် ဆရာဆရာမ များသည် အဓိကကျပေရာ အနာဂတ်ကာလ မျှော်မှန်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးတိုးတက်နေစေရန် ပညာရေးကဏ္ဍမှတစ်ဆင့် ဆက်လက်ပြုစုပျိုးထောင် ပေးသွားကြရမည် ဖြစ်ပါကြောင်းရေးသားလိုက်ရပါသည်။