နာဂစ်မုန်တိုင်းဒဏ်ကြောင့် သဘာဝဘေးအန္တရာယ် အာမခံထားရှိမှု ၆၀ရာခိုင်နှုန်းတိုးတက်မှုရှိလာ
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီး နောက်ပိုင်း သဘာဝဘေးအန္တရာယ် အကာအကွယ် အာမခံထားရှိမှုတွင် ၆၀ရာခိုင်နှုန်း တိုးတက်မှုရှိလာကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်း၏ ပြောကြားချက်အရ သိရှိရသည်။ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှူ များပြားခဲ့သော်လည်း မြန်မာ့အာမခံလုပ်ငန်းမှ ပြန်လည်ပေးလျော်ခဲ့သော လျော်ကြေးငွေ စုစုပေါင်း မြန်မာကျပ်ငွေ ငါးဘီလျံခန့်သာ ရှိကြောင်း သိရှိရသည်။ အချို့မှာ အာမခံထားရှိသော်လည်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သတ်သော အာမခံချက်များ ယူမထားသည့်အတွက် လျော်ကြေးပေးရန် အကျုံးမ၀င်သည့် ဖြစ်ရပ်များလည်းရှိကြောင်း သိရသည်။ ယင်းဖြစ်စဉ်များကြောင့် လုပ်ငန်းများ ပြန်လည်ထူထောင်လာကြသော လုပ်ငန်းရှင်များကလည်း အာမခံထားရှိလာကြပြီး ဘဏ်ချေးငွေယူ လုပ်ကိုင်သော လုပ်ငန်းများကိုလည်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော အာမခံချက်များကို မဖြစ်မနေထားကြရန် ဘဏ်များက တိုက်တွန်းလာကြသည်။ ယင်းကြောင့် အာမခံထားရှိမှုအပေါ် လူထုစိတ်ဝင်စားမှု ပိုလာပြီး အထူးသဖြင့် မီးအာမခံနှင့်အတူ မုန်တိုင်း၊ ရေကြီး ရေလျှံစသည့် သဘာဝ ဘေးအန္တရာယ်များတွင် အာမခံထားရှိမှုကို စိတ်ဝင်စားလာသောကြောင့် ၆၀ရာခိုင်နှုန်း တိုးတက်မှုရှိလာခဲ့ကြောင်း Myanmar nargis newsမှ သိရှိရပါသည်။