ပြည်ထောင်စုမြန်မာနိုင်ငံတော်-နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနှင့်ဇနီး ဒေါ်ခင်စောနှင်းတို့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသောတရုတ်ပြည်သူ့သမ္မတနိုင်ငံ (၅၉)နှစ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက်ချီးမြှင့်ကြသည်။
အဆိုပါဧည့်ခံပွဲသို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနှင့်ဇနီးတို့နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊အစိုးရအဖွဲ့-အဖွဲ့ဝင် ၀န်ကြီးများ၊ဒုတိယ၀န်ကြီးများ၊တပ်မတော် အရာရှိကြီးများ၊နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးနှင့် ဌာနဆိုင်ရာတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊သံရုံးယာယီတာဝန်ခံများနှင့် ဖိတ်ကြားထားသော ပုဂ္ဂိုလ်များတက်ရောက်ကြသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနှင့်ဇနီး ဒေါ်ခင်စောနှင်းတို့သည် ညနေ ၆နာရီ ၄၅ မိနစ်တွင် ဧည့်ခံပွဲကျင်းပရာ ဆီဒိုးနားဟိုတယ်သို့ ရောက်ရှိလာကြရာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Guan Mu က ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် အတွင်းရေးမှူး(၁)နှင့် ဇနီးတို့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပွဲတော် မှတ်တမ်းဓာတ်ပုံများကို ရှင်းလင်းပြသသည်။
ဆက်လက်၍ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Guan Mu တို့က (၅၉)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ပေးကြသည်။
ယင်းနောက် အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင်များသည် ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့်အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အတွင်းရေးမှူး(၁)နှင့် ဇနီး နှင့် တက်ရောက်လာကြသူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။