ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေး(၂၀၀၈)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ကျင်းပသော သွေးလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၀ရက် နံနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနာယက မွန်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်တို့ တက်ရောက်အားပေးကြသည်။
ကြည့်ရှုအားပေး
ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင် ဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်က အမှာစကားပြောကြားပြီး သွေးလှူရှင်များအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ကာ တိုင်းမှူးနှင့် ဝန်ကြီးတို့သည် သွေးလှူဘဏ်၌ သွေးလှူဒါန်းနေမှုများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဗဟိုအလုပ်အမှုဆောင် ဝန်ကြီးသည် သံဖြူဇရပ်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားပြီး ၂၀၀၇-၂၀၀၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သံဖြူဇရပ်မြို့နယ်မှ လေးဘာသာဂုဏ်ထူးရရှိခဲ့သော ကျောင်းသားကျောင်းသူများအား ဆုများ ချီးမြှင့်သည်။
ဂုဏ်ပြုချီးမြှင့်
ထို့နောက် ဗဟိုအလုပ်အမှုဆောင်နှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် မုဒုံမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရှင်အရဟံခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ ဆရာမများ၊ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ၂၀၀၇-၂၀၀၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်အတွင်း ပြည်နယ်အဆင့် စတုတ္ထ၊ မြို့နယ်အဆင့် အောင်ချက်ပထမရရှိသော မုဒုံမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒုတိယရရှိသော တံခွန်တိုင် အခြေခံပညာအထက်တန်းကျောင်း၊ တတိယရရှိသော မုဒုံမြို့အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း နှင့် ငါးဘာသာ၊ ခြောက်ဘာသာဂုဏ်ထူး ရရှိသော ကျောင်းသားကျောင်းသူများနှင့် ဆရာ ဆရာမများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်နှင့် အဖွဲ့သည် ညနေပိုင်းတွင် မုဒုံမြို့ ကျောင်းနောက်ရပ် အခြေခံပညာ မူလတန်းကျောင်း၌ အသစ်ပြန်လည် တည်ဆောက်လျှက်ရှိသည့် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဗဟိုအလုပ်အမှုဆောင် ဝန်ကြီးသည် စက်တင်ဘာ ၂၁ရက် နံနက်ပိုင်းတွင် ချောင်းဆုံမြို့ ကျွန်းသာယာခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ၍ ၂၀၀၇-၂၀၀၈ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ ငါးဘာသာ ဂုဏ်ထူးရရှိသော ကျောင်းသူနှစ်ဦးနှင့် ဆရာ ဆရာမများအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်သည်။
ပံ့ပိုး
ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်သည် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျေးရွာလူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းအတွက် ဘိလပ်မြေများ ပံ့ပိုးသည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင် ဝန်ကြီးသည် ရွာလွတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းခန်းမဆောင်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားပြီး စက်တင်ဘာ ၂၃ရက်တွင် ဗဟိုအလုပ်အမှုဆောင်သည် ပေါင်မြို့နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းရုံးများသို့ သွားရောက်၍ အသင်း၏ လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးမှာကြားကြောင်း သတင်းရရှိသည်။