နေပြည်တော်လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး(၂၀၀၈)ကို စက်တင်ဘာ ၁၄ရက် နံနက် ၉နာရီက အထက(၁) ရွှေရတုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင် (နေပြည်တော် ပျဉ်းမနား ခရိုင်တာဝန်ခံ) ဦးဘိုနီနှင့် နေပြည်တော်ပျဉ်းမနား ခရိုင်အသင်း အတွင်းရေးမှူး ဦးခင်မောင်ဌေးတို့က အမှာစကားပြောကြားပြီး နေပြည်တော်လယ်ဝေး အသင်းအတွင်းရေးမှူးဦးဌေးဝင်းနှင့် တက္ကသိုလ်ပညာသင် ထောက်ပံ့ရေးအဖွဲ့ဥက္ကဌ မြို့နယ်ပညာရေးမှူး(ငြိမ်း) ဦးမြင့်လွင်တို့က ၂၀၀၈ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် ထူးချွန်စွာ အောင်မြင်ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းလေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင် ပါဝင်လုပ်အား ပေးသူများနှင့် ငါးဘာသာ ဂုဏ်ထူးရရှိသူ လေးဦးအားတိုင်းအလုပ်အမှုဆောင် ဦးဘိုနီက လည်းကောင်း၊ လေးဘာသာဂုဏ်ထူးရရှိသူ ခုနှစ်ဦးအား ခရိုင်အသင်း အတွင်းရေးမှူးဦးခင်မောင်ဌေးနှင့် မြို့နယ်အသင်း အတွင်းရေးမှူးဦးဌေးဝင်းတို့ကလည်းကောင်း၊ သုံးဘာသာဂုဏ်ထူးရရှိသူ ခြောက်ဦးအား မြို့နယ်ပညာရေး မှူးဦးတင်ထွဋ်တို့ကလည်းကောင်း၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ ၁၀ဦးအား မြို့မိမြို့ဖဦးမြင့်လွင်၊ အလှူရှင် ဦးဇော်မင်း၊ ဦးတင်ဖေတို့ကလည်းကောင်း၊ တစ်ဘာသာဂုဏ်ထူးရရှိသူ ၃၄ဦးအား မြို့နယ်အသင်း တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များကလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။