မအူပင်မြို့နယ်ရှိ ငါးမွေးမြူရေးစခန်းများ ၀န်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိမ်း လှည့်လည်ကြည့်ရှုစစ်ဆေး
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိမ်းသည် စက်တင်ဘာ ၁၃ရက် နံနက်ပိုင်းက ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ဖြိုးဧရာ ငါးမွေးမြူရေးလုပ်ငန်း၏ အမှတ်(၂) ငါးမွေးမြူရေးစခန်း (၀ါးတော)ရှိ ဖြိုးဧရာ ငါးမွေးမြူရေးစခန်းများ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် ဖြိုးဧရာ ငါးမွေးမြူရေးလုပ်ငန်း တာဝန်ခံက ငါးအသားတိုးမွေးမြူသည့် စခန်းတစ်ခုချင်းအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု၊ ဖြိုးဧရာငါးမွေးမြူရေးစခန်း အမှတ်(၁) သဇင်ရေကျော်စခန်း၊ အမှတ်(၂) ၀ါးတောနှင့် စခန်းအမှတ်(၃) မိုးကုတ်ဒီးဒုတ် စခန်းတာဝန်ခံများက မွေးမြူထားရှိမှုနှင့် ဖော်ယူရောင်းချရန် ဆောင်ရွက်ထားရှိမှု တို့ကို အသီးသီးတင်ပြ ဆွေးနွေးကြသည်။
ဆက်လက်၍ ဖြိုးဧရာ ငါးမွေးမြူရေးစခန်း အမှတ်(၂) ၀ါးတော၏ ၁၀လသားအရွယ် အသားတိုးငါးများ၏ ကြီးထွားနှုန်း အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ၀န်ကြီးသည် မွန်းလွဲပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာရှိ ဖြိုးဧရာ ငါးမွေးမြူရေးစခန်း အမှတ်(၆) မီးသွေးချောင်းရှင်းလင်းဆောင်၌ စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများ၏ ပထမဆုံးအကြိမ် အသားတိုး ငါးမွေးမြူ အခြေအနေ တင်ပြချက်များအပေါ် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းမှာကြားပြီး ၁၀လသား အရွယ်ရှိ အသားတိုး ငါးမွေးကန်များ၏ ကြီးထွားနှုန်းကောင်းမွန်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment