သဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ်ရေး (နည်းပြ)သင်တန်းဖွင့် ၀န်ကြီးဗိုလ်ချုပ်မောင်မောင်ဆွေ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ INGO တို့ ပူးပေါင်းဖွင့်လှစ်သည့် သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ်ရေး(နည်းပြ) သင်တန်းကို စက်တင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မီးသတ်ဦးစီးဌာန (ရုံးချုပ်)၌ ကျင်းပရာ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ တက်ရောက်၍ သင်တန်းဖွင့် အမှားစကား ပြောကြားသည်။ဆက်လက်၍ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ ဌာနေကိုယ်စားလှယ် Mr. Ramesh Shrestha က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး မင်္ဂလာမြန်မာဖောင်ဒေးရှင်းအဖွဲ့မှ ဒေါက်တာအောင်ထွန်းသက်က သင်တန်းနှင့် စပ်လျဉ်းသည်များကို ပဏာမ ရှင်းလင်းပြောကြားသည်။
ယခုဖွင့်လှစ်သော သင်တန်းကို သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးတွင် ပါဝင်ပတ်သက်နေသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် INGO များမှ အတွေ့အကြုံရှိ နည်းပြများ၏ နိုင်ငံတကာအတွေ့အကြုံကို ရယူ၍ ပြည်သူများအား ထိထိရောက်ရောက် ပြန်လည်ဆင့်ပွား ပညာပေးနိုင်စေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် UNICEF Myanmar UNDP, Malteser International, Pact Myanmar, ACF, Mercy Crop, Action Aid နှင့် Mingalar Myanmar Foundation တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကို စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ပို့ချသွားမည်ဖြစ်ကာ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ သင်တန်းသား ၂၀ နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနသုံးခုမှ သင်တန်းသား ၁၀ ဦး စုစုပေါင်း သင်တန်းသား ၃၀ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment