လေဘေးသင့်ဒေသများဖွံ့ဖြိုးစည်ပင်လာရေးစေတနာစွမ်းအားအပြည့်အ၀ထား ပူးပေါင်းဆောင်ရွက်
နိုင်ငံတော်က လေဘေးသင့်ဒေသများ၌ ပြန်လည်ထူထောင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူနေမှုအဆင့်အတန်းများကို မူလအနေအထားထက် ပိုမိုတိုးတက် မြင့်မားလာစေရေး စီမံဖော်ဆောင်လျက်ရှိသည်။ လေဘေးကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော ပြည်သူများအတွက် ခိုင်ခံ့သောနေအိမ်များ ဆောက်လုပ်နေရာချထားပေးလျက်ရှိသည်။
ထို့ပြင် ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတော်နှင့် တိုင်းရင်းသားလုပ်ငန်းရှင်၊ စေတနာရှင် အလှူရှင်များက ပံ့ပိုးဖြည့်ဆည်းပေးခဲ့၍ ကွမ်းခြံကုန်းမြို့နယ်၌ မိုးစပါးဧက တစ်သိန်းကျော်အနက် ဧကကိုးသောင်းကျော် စိုက်ပျိုးပြီးစီးသွားသကဲ့သို့ အခြားဒေသများ၌ လျာထားဧက အားလုံး စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်သည်။
ဒေးဒရဲမြို့နယ်တွင် ရေလုပ်ငန်းလုပ်ကိုင်သူများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ကူညီ ပေးလျက်ရှိရာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ငါးဖမ်းစက်လှေ ၁၄၄စင်းနှင့် ငါးဖမ်းပိုက်မျိုးစုံ ၃၆၉၉ လက်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ကွန် ၃၁၂လက်၊ ရင်တွန်းအလက် ၃၀၀၊ ကွင်းတားပိုက် အရှည် ၂၀၀ နှင့် အတို ၄၀၀ တို့ကို လုပ်ငန်းပြန်လည် လုပ်ကိုင်နိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ခဲ့သည်။
လေဘေးသင့် ပြည်သူများအနေဖြင့် အလုပ်ကို ကြိုးစားလုပ်ကိုင်၍ ရရှိလာသော ၀င်ငွေများ စနစ်တကျစုဆောင်းပြီး မိမိတို့၏ လူမှုစီးပွားဘ၀ ပိုမိုမြင့်မားတိုးတက်ရမည်ဆိုသည့် စိတ်ထား မွေးမြူ ဆောင်ရွက်သွားကြရမည် ဖြစ်သည်။
နိုင်ငံတော်မှ ပံ့ပိုးဖြည့်ဆည်းမှု၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ စေတနာအလှူရှင်များ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် လေဘေးသင့်ဒေသများ၌ ပြန်လည်ထူထောင် တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက် ပေးလျက်ရှိရာ ဒေသခံပြည်သူများ၏ နေထိုင်ရေးသာမက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၌ပါ စေတနာစွမ်းအား အပြည့်အ၀ထားပြီး ပါဝင်ကူညီခြင်းကြောင့် လေဘေးသင့်ဒေသများ မကြာမြင့်သောကာလ၌ ဖွံ့ဖြိုးစည်ပင်လာနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

0 comments:
Post a Comment