ဗဟိုအလုပ်မှုဆောင်ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ်သန်းဌေးပဲခူးတိုင်း(အနောက်ပိုင်း)ဘုန်းတော်ကြီးကျောင်းများသို့ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်မှုဆောင် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ်သန်းဌေးသည် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် ပြည်မြို့ မှုတ်ရှည်ကျေးရွာအုပ်စု ဓမ္မောဒယဘုန်းတော်ကြီးကျောင်း၌ကျင်းပသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ပဲခူးတိုင်း(အနောက်ပိုင်း)ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ၀ါဆိုသင်္ကန်းနှင့် စာရေးကိရိယာများလှူဒါန်းပွဲသို့ တက်ရောက်သည်။
ရှေးသီးစွာ ဆရာတော် အဂ္ဂမဟာသဒ္ဓဇောတိကဓဇ ဘဒ္ဒန္တခေမိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဗဟိုအလုပ်မှုဆောင်နှင့် တာဝန်ရှိသူများက ဆရာတော်များထံ ၀ါဆိုသင်္ကန်းနှင့် စာရေးကိရိယာများ၊လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
အခမ်းမနားတွင် ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းက ပဲခူးတိုင်း (အနောက်ပိုင်း)ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများကို လှူဒါန်းကြသည်။
ညနေပိုင်းတွင် ဗဟိုအလုပ်မှုဆောင် ဒုတိယ၀န်ကြီးသည် ကြံခင်းမြို့ မျောက်ချောကုန်း ပရဟိတကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပရဟိတကျောင်း၌ ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင်ကျောင်းအတွက် စာရေးကိရိယာများကို တာဝန်ရှိသူများထံသို့ လည်းကောင်း၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေများကို မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် စစ်မှုထမ်းဟောင်းအဖွဲ့သို့ လည်းကောင်းပေးအပ်လှူဒါန်းသည်။
ထို့နောက် ဗဟိုအလုပ်မှုဆောင်သည် မြန်အောင်မြို့ မြို့ရွှေကျောင်းတိုက်၌ ကျင်းပသော မြန်အောင်မြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ စာရေးကိရိယာများ လှူဒါန်းပွဲသို့ တက်ရောက်၍ ဆရာတော်၊သံဃာတော်များထံ ၀ါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အမှုဆောင်များက တာဝန်ရှိသူများထံ စာရေးကိရိယာများကို လှူဒါန်းကြသည်။
ဗဟိုအလုပ်မှုဆောင် ဒုတိယ၀န်ကြီးသည် ဇူလိုင် ၁၃ ရက်နံနက်ပိုင်းတွင် မြန်အောင် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသော ပညာရည်ချွန် ဆုနှင်းသဘင်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်၍ အခမ်းအနားမစတင်မီ ဗဟိုအလုပ်အမှုဆောင်က မိုးရာသီသစ်ပင်စိုက်ပွဲ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို ကျောင်းဝင်းအတွင်း အမှတ်တရ စိုက်ပျိုးပေးသည်။ထို့နောက် ဗဟိုအလုပ်မှုဆောင်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးက မြန်အောင်မြို့နယ် ပညာရေးအခြေအနေများကို ရှင်းလင်းတင်ပြကာ ၂၀၀၈-၂၀၀၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်အောင်မြို့မှ ထူးချွန်စွာ အောင်မြင်ခဲ့သော ခြောက်ဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊လေးဘာသာ ဂုဏ်ထူးရှင် လေးဦး၊သုံးဘာသာ ဂုဏ်ထူးရှင် ငါးဦး၊နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၅ ဦး၊တစ်ဘာသာ ဂုဏ်ထူးရှင်၁၁၈ ဦးတို့အား ဗဟိုအလုပ်မှုဆောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။
ယင်းနောက် မြန်အောင်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း ငါးကျောင်းနှင့် တွဲဖက်အထက်တန်းကျောင်းတစ်ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများကို မြို့နယ်အသင်းတွဲဖက်အတွင်းရေးမှူးနှင့် အလုပ်မှုဆောင်များက ပေးအပ်လှူဒန်းပြီး ဗဟိုအလုပ်အမှုဆောင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့သို့ အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment