ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းသည် ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း) ဥက္ကဌတြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်၁၆ရက်နံနက်၈နာရီခွဲတွင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံမြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။

ရှင်းလင်းတင်ပြ

ရှေးဦးစွာ တာချီလိတ်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဦးသိန်းမြင့်က ဒေသတွင်း ဆန်နှင့်ဆီ ဖူလုံမှု၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ မြေယာဖော်ထုတ်စိုက်ပျိုးမှု၊ နှစ်ရှည်သီးနှံ ရော်ဘာစိုက်ပျိုးမှု၊ ကုန်းမြင့်လယ်ယာဖော်ထုတ်မှု၊ ခြံစည်းရိုးကြက်ဆူပင် ပျိုးထောင်စိုက်ပျိုးပြီးစီးမှုနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ တိုင်းမှူးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ပေးအပ်

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ မီးသတ်တပ်ဖွဲ့နှင့်ကျောင်းသား ကျောင်းသူများအတွက် ဝတ်စုံများ၊ ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာများ၊ လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းက မုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ရေး ပစ္စည်းများကို ပေးပို့လှူဒါန်းခဲ့ကြသည့်အတွက် ကျေးဇူးအထူးပင်တင်ရှိပါကြောင်း၊ တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများသည် နှစ်နိုင်ငံချစ်ကြည်ရေး တိုးတက်မှုနှင့်မိမိတိုင်းပြည် ဂုဏ်သိက္ခာမြင့်မားရေးတို့ကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် အကျယ်တဝင့်ပြောကြားပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထိုမှတစ်ဆင့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်း၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မိုင်းဖြတ်မြို့သို့ရောက်ရှိပြီး မိုင်းဖြတ်မြို့ ဘုရင့်နောင်ခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံရာ ရှေးဦးစွာ မိုင်းဖြတ်မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးသိန်းထူးက မြို့နယ်အတွင်း စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ပေးအပ်

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝတ်စုံများ၊ မီးသတ်တပ်ဖွဲ့ဝတ်စုံများ၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။

တိုးချဲ့စိုက်ပျိုး

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းက ဒေသနှင့် ကိုက်ညီသည့်သီးနှံများကို တိုးချဲ့စိုက်ပျိုးရေး၊ ဌာနဆိုင်ရာများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်လက်တွဲ၍ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေးတို့နှင့် စပ်လျဉ်း၍ ပြောကြားသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များနှင့်တွေ့ဆုံရာ ရှေးဦးစွာ မိုင်းဖြတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးထွန်းရွှေက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းသည် မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံတက်လူနာများအား အားပေးစကားပြောကြား၍ ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ပြီး ခွဲစိတ်ခန်းများ၊ ဆေးသိုလှောင်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။