အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ ဈေးတစ်ဈေး၌ မတ် ၂၃ ရက်က လက်နက်ကိုင် တိုက်ခိုက်ရေးသမားများသည် ကားသုံးစီးဖြင့် ရောက်လာပြီး တရစပ် ပစ်ခတ်သွားခဲ့ရာ ခြောက်ဦးသေဆုံးသွားကြောင်း အီရတ်ရဲတပ်ဖွဲ့က ပြောကြားသည်။ ယင်းပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၆ ဦးလည်း ဒဏ်ရာရရှိသွားကြောင်း၊ ထိုနေ့အစောပိုင်းက ဘဂ္ဂဒက်မြို့လယ်ရှိ အစိမ်းရောင်ဇုန်အတွင်း၌လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက် ပြောကြားသည်။ ထို့အပြင် မိုဆူးလ်မြို့ မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်း၌လည်း အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့၍ အနည်းဆုံး အီရတ်တပ်ဖွဲ့ဝင် ၁၃ဦး သေဆုံးသွားခဲ့သည်။ ယင်းဗုံးခွဲ တိုက်ခိုက်မှုကြောင့် အခြားလူ ၃၀လည်း ဒဏ်ရာ ရရှိသွားသည်ဟု ဆိုသည်။ မတ် ၂၃ရက် အစောပိုင်းက ဘဂ္ဂဒက်မြို့လယ်ရှိ အစိမ်းရောင်ဇုန်အတွင်း တိုက်ခိုက်ရေးသမားများက ဒုံးကျည်ဖြင့် ၁၂ချက် ပစ်ခတ်ခဲ့သည်။ ယင်း အစိမ်းရောင်ဇုန်အတွင်း အီရတ်အစိုးရ အိမ်ရာများ၊ အမေရိကန်နှင့် ဗြိတိသျှသံရုံးများနှင့် အမေရိကန်တပ်ဖွဲ့ဝင်များ နေထိုင်ရာ အရပ်ဖြစ်သည်။