ပါကစ္စတန်သမ္မတ မူရှာရက်ဖ်၏ ရှစ်ရက်ကြာ ဥရောပခရီး
ပါကစ္စတန်သမ္မတ ပါဗက်မူရှာရက်ဖ်သည် ဥရောပသို့ ရှစ်ရက်ကြာခရီးသွားရောက်လျက်ရှိသည်။ ဘရပ်ဆယ် သို့ ပထမဆုံးဝင်ရောက်ပြီးနောက် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ခရီးဆက်မည်။ ထို့နောက် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်သည်။ ဤခရီးစဉ်မှာ သမ္မတမူရှာရက်ဖ်အဖို့ ပါကစ္စတန် သမ္မတအဖြစ် မိမိပြန်လည်အရွေးခံရမှုနှင့် ပါကစ္စတန်အတိုက်အခံပါင်္တီခေါင်းဆောင် မီးစ်ဘူတိုလုပ်ကြံခံရပြီး နောက် ပထမဆုံး ပြည်ပသို့သွားရောက်သည့် ခရီးဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ ပါကစ္စတန်၌ မကြာမီက ဖြစ်ပွားသည့် ဖြစ်စဉ်များအပေါ် အထင်အမြင် အယူအဆလွဲမှားမှုကို ရှင်းပြရန်ဖြစ်ကြောင်း ၄င်းက ထုတ်ဖော် ပြောဆိုသည်။
သမ္မတမူရှာရက်ဖ်သည် ဥရောပသမဂ္ဂ(အီးယူ) နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ ဟားဗီးယားဆိုလာနာနှင့် တနင်္လာနေ့တွင် တွေ့ဆုံသည်။ ရှစ်ရက်ကြာ ဥရောပခရီးစဉ်အတွင်း ၄င်းသည် ဥရောပခေါင်းဆောင်များနှင့် တွေ့ဆုံရာ၌ ပါကစ္စတန်နိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် အကြမ်းဖက်ကိုင်တွယ်မှုကို ဆွေးနွေးရှင်းပြမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၁၈ရက်၌ ကျင်းပမည့် ပါကစ္စတန်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမည်ဟု မိမိယုံကြည် ကြောင်း သမ္မတ မူရှာရက်ဖ်က ပြောဆိုသည်။ ထို့ပြင် အယ်လ်ခိုင်ဒါ သို့မဟုတ် တာလီဘန်တို့က ပါကစ္စတန် တပ်မတော်တစ်ရပ်လုံးကို ချေမှုန်းနိုင်မှသာ သို့မဟုတ် ရှေ့လရွေးကောက်ပွဲတွင် အစွန်းရောက်ဘာသာရေး အုပ်စုများ အနိုင်ရရှိသွားမှသာလျှင် ပါကစ္စတန် နျူကလီားးလက်နက်တိုက်ကို စစ်သွေးကြွများ ၀င်ရောက်နိုင်မှာ ဖြစ်ကြောင်း သမ္မတ မူရှာရက်ဖ်က ပြောဆိုသည်။
ထိုအခြေအနေများမှာ လုံးဝ ဖြစ်နိုင်စရာမရှိကြောင်း ၄င်းက ထည်းသွင်းပြောဆိုသည်။ မိမိတို့ ယင်းသို့ မရှုံးနိုင်ကြောင်း ၊ အယ်လ်ခိုင်ဒါ သို့မဟုတ် တာလီဘန်တို့အနေဖြင့် ပါကစ္စတန်ကို သိမ်းယူနိုင်မည်ဟု မိမိတို့ မယူဆကြောင်း သမ္မတ မူရှာရက်ဖ်က ပြောကြားလိုက်သည်။ တာလီဘန်တို့က ထိုးစစ်ဆင်တိုက်ခိုက်သည်ဟူ၍ မရှိကြောင်းဖြင့်လည်း ထည့်သွင်းပြောဆိုသည်။ တောင်နှင့်မြောက် ၀ါဇီရစ္စတန်ပြည်နယ်များအတွင်း မကြာမီက တာလီဘန်လိုလားသည့် စစ်သွေးကြွများ အကြမ်းဖက်မှုမှာ မဖြစ်ညစ်ကျယ်လိုက်လံ နှောက်ယှက်ခြင်းသာ ဖြစ်ပြီး မိမိတို့ တိုက်ခိုက်ချေမှုန်းနိုင်သည်ဟု ပြောဆိုသည်။

0 comments:
Post a Comment