အတတ်ပညာဆိုင်ရာ ခေါင်းဆောင်မှုကိုရရှိရန် ထိုးထွင်းကြံဆမှုနှင့် တီထွင်လုပ်ကိုင်နိုင်မှု အရေးကြီး၊ သိပ္ပံပညာရှင်၊ နည်းပညာရှင်များဖြစ်အောင် ..................



တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲအခမ်း အနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
ရဲဘော်တို့ -
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲအခမ်းအနား မှာ သိသင့်သိထိုက်တာတွေကို အလေးအနက် မှာကြားသွားမှာ ဖြစ်တယ် ရဲဘော်တို့ဟာ တပ်မတော် သား အင်ဂျင်နီယာခေါင်းဆောင်ငယ်များ အဖြစ် တာဝန် ထမ်းဆောင်ကြရတော့မှာဖြစ်တဲ့အတွက် အခြေခံအားဖြင့် တပ်မတော်သားကောင်းဖြစ်ကြရမယ်။ ဒါ့အပြင် ခေတ်မီတပ်မတော်တည်ဆောက်ရေး တာဝန်နဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော် တည်ဆောက်ရေးတာဝန်အတွက် အားထားလောက်တဲ့ အင်ဂျင်နီယာအတတ် ပညာရှင်တွေလဲ ဖြစ်ကြရမယ်။
ရဲဘော်တို့-
တပ်မတော်သားကောင်းဖြစ်ဖို့ဆိုတာ တပ်မတော်ရဲ့အစဉ်အလာ(၁၂)ရပ်ကို လက်ဆင့်ကမ်း သယ်ဆောင်နိုင်စွမ်းရှိရမှာ ဖြစ်တယ်။
ဒို့တပ်မတော်ဟာ နိုင်ငံနဲ့လူမျိုးအတွက် အသက်ကိုစွန့်ဖို့အဓိဌာန်ပြုထားတဲ့ မျိုးချစ်တပ်မတော်ဖြစ်တယ်။ သက်ရှိသတ္တ၀ါတိုင်းက တန်ဖိုးအထားဆုံးအရာဖြစ်တဲ့ အသက်ဆိုတာဟာ ဘယ်လိုအခွင့်အရေးမျိုးနဲ့မှ လဲနိုင်ခြင်းမရှိတဲ့အရာပဲဖြစ်တယ်။ ဒါကြောင့် အသက်ကိုပင်စွန့်လွှတ်ဖို့ ၀န်မလေးတဲ့ ဒို့တစ်တွေဟာ အရာရာ ကို စွန့်လွှတ်နိုင်ကြတယ်။ ကိုယ်ရေးကိုယ်တာကိစ္စကို စွန့်လွှတ်နိုင်တဲ့အတွက်လဲ နိုင်ငံနဲ့လူမျိုးအတွက် စွန့်စားရဲကြတာဖြစ်တယ်။ နိုင်ငံနဲ့လူမျိုးအတွက် အသက်ကို စွန့်လွှတ်မယ်ဆိုတဲ့စိတ်ဓါတ်ဟာ မြင့်မြတ်တဲ့ စိတ်ဓါတ်ဖြစ်တယ်။
ရဲဘော်တို့-
တပ်မတော်ရဲ့ အစဉ်အလာ(၁၂)ရပ်မှာ မျိုးချစ်စိတ်ဓါတ်ဟာ အဓိကဖြစ်တယ်။ စည်းကမ်းကောင်းခြင်း၊ သစ္စာရှိ ခြင်း၊ စွမ်းရည်ရှိခြင်း၊ စွန့်လွှတ်စွန့်စားတတ်ခြင်း တစ်ဦးချင်းကိုယ်ကျိုးကို ပဓာနမထားတတ်ခြင်း၊ စိတ်ဓါတ် မြင့်မြတ်ခြင်း၊ အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိရှိခြင်း၊ အပင်ပန်းအဆင်းရဲ ခံနိုင်ခြင်း၊ ဇွဲလုံ့လ ၀ီရိယရှိခြင်းနဲ့ ဒို့တာဝန်အရေးသုံးပါးကို အမြဲတမ်း ဦးထိပ်ပန်ဆင်ခြင်းစတဲ့ အစဉ်အလာတွေဟာ မျိုးချစ်စိတ်ဓါတ်ရှိသူအဖို့ အလွယ်တကူသယ်ပိုးနိုင်တဲ့ အစဉ်အလာတွေပဲဖြစ်တယ် ။ ဒါကြောင့် ရဲဘော်တို့ဟာ မျိုးချစ်စိတ်ဓါတ်ထက်သန်သူတွေဖြစ်ကြရမယ်။
ရဲဘော်တို့-
မျိုးချစ်စိတ်ဓါတ်ဆိုရာမှလဲ မှန်ကန်တဲ့ခံယူချက်ပေါ်က ပေါက်ဖွားလာတာမဟုတ်ရင် မျက်ကန်းမျိုးချစ် ဖြစ်သွားလိမ့်မယ်။ မျက်ကန်းမျိုးချစ်ဖြစ်သွားရင် မှားယွင်းတဲ့ယုံကြည်ချက်ကြောင့် အဖျက်သမား ဖြစ်သွားတတ်တယ် ။ ဒါကြောင့် ရဲဘော်တို့ဟာ ဒို့နိုင်ငံ ဒို့လူမျိုးအတွက် ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန် အရေးသုံးပါးကို အလေးအနက် ယုံကြည်ခံယူကြရမယ်။
ရဲဘော်တို့-
ဒို့နိုင်ငံဟာ တိုင်းရင်းသားမျိုးနွယ်တစ်ရာကျော်တို့ တစ်စုတစ်ပေါင်းတည်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံဖြစ်တယ်။ ဒို့ရင်သားတွေဟာ ရှေးနှစ်ပေါင်းများစွာကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ကြီးပြင်းလာ ကြတယ်။
လမ်းပန်းဆက်သွယ်မှု ခက်ခဲလို့ ဘာသာစကားမတူညီမှု၊ ရာသီဥတုကွာခြားလို့ ၀တ်စားဆင်ယင်ပုံအမျိုးမျိုး ရှိမှုကလွဲရင် စိတ်ထားဖြူစင်ခြင်း၊ စေတနာကောင်းခြင်း မေတ္တာတရားရှေ့ထားပြီး ကူညီစောင့်ရှောက်တတ်ခြင်း ဇာတိမာန်နဲ့ မျိုးချစ်စိတ်ဓါတ်ထက်သန်ခြင်းတို့ဟာ ဒို့နိုင်ငံသားတွေရဲ့ တူညီတဲ့ စရိုက်လက္ခဏာတွေပဲ ဖြစ်တယ်။
ဒို့တိုင်းသားတွေဟာ အသက်မွေးမှု အခွင့်အလမ်းပေါ်မူတည်ပြီး နိုင်ငံတော်အတွင်းမှာလွတ်လပ်စွာ ရွှေ့ပြောင်း နေထိုင်လျက်ရှိကြတယ်။ တိုင်းရင်းသား မျိုးနွယ်စုတွေဟာ တစ်နိုင်ငံလုံးမှာ ပျံ့နှံ့ပြီး ရေကိုသားလို့အကြား မထင် ဆိုသလို တစ်သားတည်းနေထိုင်လျက်ရှိကြတာဖြစ်တယ်။ ဒါ့ကြောင့် ဒို့တိုင်းရင်းသားအားလုံးမှာ ပြည်ထောင်စုကို ချစ်မြတ်နိုးတဲ့ စိတ်ဓါတ်ထက်သန်ကြမှသာ ပြည်ထောင်စုပြိုကွဲမယ့်အန္တရာယ်က လွတ်ကင်မှာ ဖြစ်ကြောင်း ပြောကြားလိုတယ်။
ရဲဘော်တို့-
ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုတဲ့စကားဟာ မျိုးချစ်စိတ်ဓါတ်ကို အဓိကရည်ညွှန်းပြီး ဆိုလိုခြင်းဖြစ်တယ်။ မျိုးချစ်စိတ်ဓါတ်သည်သာ အင်အားကိုဖြစ်ပေါ်စေတဲ့ တစ်ခုတည်းသော အခြေခံအကြောင်း တရားဖြစ်တယ်။ တိုင်းသူ့ပြည်သားအားလုံးဟာ မျိုးချစ်စိတ်ဓါတ်နဲ့ ခိုင်ခိုင်မာမာစည်းလုံးညီညွတ်နေ မယ်ဆိုရင် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် စိတ်ချရမှာဖြစ်တဲ့နည်းတူ နိုင်ငံတော် အပေါ် ကျရောက်လာမယ့် မည်သည့်အန္တရာယ်မျိုးကိုမဆို တွန်းလှန်နိုင်မှာဖြစ်တယ်။ မိမိကိုယ်မိမိ အားမကိုးဘဲ သူတစ်ပါးရဲ့ သစ္စာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ခံယူမယ်ဆိုရင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ လပ်လွတ်ဆုံးရှုံးသွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။
ဒါကြောင့်ရဲဘော်တို့ဟာ မျိုးချစ်စိတ်ဓါတ်နဲ့ ဇာတိသွေး ဇာတိမာန် ထက်သန်ကြဖို့ လိုအပ်ကြောင်း ပြောကြား လိုတယ်။
ရဲဘော်တို့-
ရဲဘော်တို့ဟာ အင်ဂျင်နီယာအတတ်ပညာရှင်များဖြစ်တာနဲ့အညီ ခေတ်မီတပ်မတော်တည်ဆောက်ရေး တာဝန်ကို အဓိကထမ်းဆောင်ရင်း တစ်ဖက်ကလဲ နိုင်ငံတော်အတွက် အကျိုးပြုကြရမှာဖြစ်တယ်။ ဒါကြောင့် ထူးချွန်ထက်မြက်တဲ့ သိပ္ပံပညာရှင်တွေ နည်းပညာရှင်တွေ ဖြစ်ဖို့လိုတယ်
ဒီလိုဖြစ်နိုင်ဖို့အတွက် တပ်မတော်နည်းပညာတက္ကသိုလ်အနေနဲ့လဲ သင်ကြားပေးရုံတင်မဟုတ်ဘဲ သင်တန်း သားတွေကို သုတေသနလမ်းကြောင်းပေါ်ရောက်အောင် တစ်ပါတည်းတင်ပေးလိုက်ရမယ်။ တက္ကသိုလ်ကြီး ကိုယ်တိုင်က စိတ်ကူးစိတ်သန်းအသစ်တွေကို စဉ်ဆက်မပြတ်ထုတ်လုပ်ပေးနေတဲ့ ဗဟိုဌာနကြီးဖြစ်ဖို့လိုသလို ရဲဘော်တို့ကလည်းအမိတက္ကသိုလ်ကြီးရဲ့ လမ်းညွှန်ချက်တွေကို စဉ်ဆက်မပြတ်ခံယူပြီး ဆတက်ထမ်းပိုး ကြိုးပမ်းတီထွင်သွားကြရမယ်။ ဒါမှသာ ရဲဘော်တို့ဟာ နိုင်ငံတော်က အားထားရတဲ့ သားကောင်းရတနာ ဘ၀ကို တက်လှမ်းနိုင်ကြမှာဖြစ်တယ်။
ရဲဘော်တို့-
ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ပေးအပ်ခြင်းခံကြရမယ့် ရဲဘော်တို့ဟာ ခေါင်းဆောင်မှုအရည်အချင်းတွေ ကို ကိုယ်စီကိုယ်င တည်ဆောက်ကြရမယ်။ စစ်မြေပြင် ခေါင်းဆောင်မှုအပြင် အတတ်ပညာဆိုင်ရာ ခေါင်းဆောင်မှု အရည်အချင်းတွေပါ ပြည့်စုံဖို့ လိုအပ်ပါတယ်။
စစ်မြေပြင်မှာ အောင်မြင်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့အတွက် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နဲ့ စည်းရုံးရေးစွမ်းရည်ဆိုတဲ့ စွမ်းရည်သုံးရပ်နဲ့ ပြည့်စုံရမယ် ကျင့်ဝတ်သိက္ခာပိုင်းမှာ စံပြနေထိုင်ပြီး ခေါင်းဆောင် မှု အင်္ဂါရပ်(၁၆)ရပ်နဲ့အညီ အားထုတ်ကျင့်ကြံရမယ် ။ ကိုယ်ခေါင်းဆောင်ရတဲ့တပ်ဖွဲ့ကို အမြဲစည်းလုံးညီညွတ် မှုရှိနေအောင် တည်ဆောက်နိုင်စွမ်းရှိရမယ်။ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး စစ်အောင်ရာသောအကြောင်းကြီးများကို လက်ကိုင်ထားရမယ် ။ ဒါမှသာ လက်အောက်ငယ်သားများရဲ့ လေးစားအားထား ယုံကြည်မှုကို ခံယူရရှိတဲ့ ခေါင်းဆောင်ငယ်တစ်ဦးဘ၀ကို ရရှိလာမှာဖြစ်တယ်။
အတတ်ပညာဆိုင်ရာ ခေါင်းဆောင်မှုကိုရရှိဖို့အတွက် ထိုးထွင်းကြံဆလုပ်ဆောင်တတ်မှုနဲ့ တီထွင်လုပ်ကိုင် ဆောင်ရွက်တတ်မှုဟာ အရေးကြီးတယ်။ သုတေသနလုပ်ငန်းကို စွဲစွဲလမ်းလမ်း လုပ်ကိုင်ရမယ်။ နည်းပညာ ကဏ္ဍဆိုတာ တစ်ဦးချင်းစွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်းမှုလိုအပ်သလို အဖွဲ့လိုက် စုပေါင်းကြိုးပမ်းတီထွင်ဖို့လဲ လိုအပ်တယ် ဒါကြောင့် ရဲဘော်တို့ဟာ နိုင်ငံတော်ရဲ့ သိပ္ပံထူးချွန်တံဆိပ်တွေ နည်းပညာထူးချွန်တံဆိပ်တွေ ချီးမြှင့်ခြင်းခံရတဲ့ အတတ်ပညာရှင်များဖြစ်အောင် စုပေါင်းကြိုးပမ်းအားထုတ်ကြဖို့ မှာကြားလိုတယ်။
ရဲဘော်တို့-
နိဂုံးချုပ်အားဖြင့် ပြောကြားရရင် တပ်မတော်နည်းပညာတက္ကသိုလ်ရဲ့ ရည်ရွယ်ချက်များနဲ့အညီ-
- နိုင်ငံတော်ကာကွယ်ရေးတာဝန်အတွက် အတတ်ပညာရှင် သားကောင်းရတနာများဖြစ်အောင် ကြိုး ပမ်းအားထုတ်ကြပါ။
- တပ်မတော်ရဲ့ သိပ္ပံနဲ့နည်းပညာတိုးတက်မြင့်မားရေးနဲ့ ခေတ်မီတပ်မတော်တည်ဆောက်ရေးမှာ အားကြိုးမာန်တက် ပါဝင်ထမ်းဆောင်ကြပါ။
- တပ်မတော်ရဲ့ အစဉ်အလာ(၁၂)ရပ်ကို အသက်ပေးစောင့်ထိန်းမယ့် မျိုးဆက်သစ်ခေါင်းဆော်င်များ ဖြစ်အောင် ကျင့်ကြံဆောင်ရွက်ကြပါ။
- တပ်မတော်ရဲ့ သိပ္ပံနဲ့နည်းပညာအခန်းကဏ္ဍ ပိုမိုတိုးတက်အောင် ဆောင်ရွက်တဲ့နည်းတူ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းတည်ဆောက်ကြပါ လို့
မှကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
0 comments:
Post a Comment