မော်တော်ယာဉ်တင်သွင်းမှု ဗီယက်နမ်မြှင့်တင်မည်
ဗီယက်နမ်နိုင်ငံသည် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုကို မြှင့်တင်မည်ဖြစ်ကြောင်း ၊ ပြည်ပမှမော်တော်ယာဉ်များ တင်သွင်းခြင်းအတွက် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၇၂ သန်း ၊ လာမည့်နှစ်တွင် ဒေါ်လာ ၄၃၁ သန်း အသုံးပြုမည်ဟု ခန့်မှန်းထားကြောင်း ၊ လွန်ခဲ့သည့်နှစ်က မော်တော်ယာဉ်တင်သွင်းမှုအတွက် ဒေါ်လာ ၂၁၂ သန်း သုံးစွဲခဲ့ကြောင်း ဗီယက်နမ် စီးပွားရေးစံတော်ချိန်အမည်ရှိ သတင်းစာက နိုဝင်ဘာ ၂၉ ရက်တွင် ရေးသားဖော်ပြသည် ။ ဗီယက်နမ်နိုင်ငံသည် ပြည်ပမှ မော်တော်ယာဉ်အစိတ်အပိုင်းများ တင်သွင်းကာ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းကိုလည်း တိုးမြှင့်ပြုလုပ်သွားမည်ဖြစ်သည် ။ ပြည်တွင်းရှိ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရေးလုပ်ငန်းများသည် ယခုနှစ်တွင် ဒေါ်လာ သန်း ၇၀၀ ၊ လာမည့်နှစ်တွင် ဒေါ်လာ သန်း ၉၀၀ တန်ဖိုးရှိ မော်တော်ယာဉ်အစိတ်အပိုင်းများကို
ဝယ်ယူတင်သွင်းမည်ဟု ခန့်မှန်းရကြောင်း ၊ လွန်ခဲ့သည့်နှစ်ကမူ ဒေါ်လာ ၅၀၅ သန်း အသုံးပြုကာ မော်တော်ယာဉ် အစိတ်အပိုင်းများကို ပြည်ပမှ တင်သွင်းခဲ့ကြောင်း စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေး
ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည် ။ ဗီယက်နမ်အစိုးရက ပြည်ပမှ မော်တော်ယာဉ်များ
ဝယ်ယူတင်သွင်းမှုကို အားပေးသည့်အနေဖြင့် အကောက်ခွန်နှုန်းထားများ လျှော့ချပေးခဲ့သည် ။ လူဦးရေ ၈၄ သန်းရှိ ဗီယက်နမ်နိုင်ငံတွင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်စီးရေ ၁ ဒသမ ၁ သန်းခန့် ရှိကြောင်း သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက ထုတ်ပြန်သော စာရင်းအင်းကိန်းဂဏန်းများတွင် ဖော်ပြထားသည် ။
0 comments:
Post a Comment