မြန်မာ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးသည် ၁၈၀၆ခုနှစ်က စတင်ခဲ့ပါသည်။ ထိုစဉ်က မြန်မာဘုရင်ဘိုးတော်ဘုရားလက်ထက်၊အမေရိကန်ကုန်သင်္ဘောတစ်စီးသည်ဘင်္ဂလားသို့သွားရင်း ရန်ကုန်သို့ မတော်တဆရောက်ရိှလာခဲ့ပါသည်။မြန်မာဘုရင်ကမြန်မာပြည်သို့ ရောင်းရောင်းချသောသင်္ဘောမဟုတ်သဖြင့် အခွန်ကင်းလွတ်ခွင့်ပေးကာ သင်္ဘောကပ္ပတိန်အား မဟာမြတ်မုနိဘုရား၊ရတနာဘုံကျော်ကျောင်း စသည်တို့ ကိုပင် ဖိတ်ခေါ်ပြသခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ဒုတိယရောက်ရှိလာသည့် အမေရိကန်လူမျိုးမှာ ၁၈၁၃ခုနှစ်တွင် ရန်ကုန်မြို့သို့ဂျော်ဂျီယားနားအမည်ရှိပင်လယ်ကူးသင်္ဘောတစ်စင်းဖြင့် ရောက်ရှိလာသော အမေရိကန်လူငယ် မစ္စတာအဒိုနီယမ်ဂျပ်ဆင်ဖြစ်ပေသည်။နောက်ပိုင်းတွင်မြန်မာတို့က ဆရာယုဒသန်ဟု ခေါ်ဆိုကြသူဖြစ်ပါသည်။

မင်းတုန်းမင်းလက်ထပ်တွင် ရန်ကုန်မှမန္တလေးသို့ရောက်ရှိလာသော အမေရိကန်နိုင်ငံ သား ဒေါက်တာကင်းကိတ်အားအတွင်းတော်သို့အဆီးအတားမရှိ ၀င်ထွက်ခွင့်ပြုခဲ့ပါသည်။ ၁၈၅၇ခုနှစ်၊ မေလ၃ရက် နေ့တွင် အမေရိကန်သမ္မတဂျိမ်းဘူကနင်က သ၀ဏ်လွှာပြန်လည်ပေးပို့ရာတွင် “အမေရိကန်နိုင်ငံသားတစ်ဦး ဖြစ်သော ဒေါက်တာကင်းကိတ်အား အဆီးအတားမရှိအတွင်းတော်သို့ ၀င်စေထွက်စေခွင့် ပေးသနားဆက်ဆံ သည်ကို ကြားသိရသဖြင့် ကျွန်ုပ် နှစ်ထောင်းအားရဖြစ်မိပါသည်” ဟု ဖော်ပြပါရှိခဲ့ပါသည်။

သြော်…..မြန်မာများ သဘောဖြူအူစင်းအင်မတန်သဘောကောင်းလေစွဟု ကျွန်တော် ထင်မြင်မိပါသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်တို့၏စတင်ဝင်ရောက်စွက်ဖက်မှုမှာ ဒုတိယကမ္ဘာစစ် အတွင်းက စတင်ခဲ့ပါသည်။ စီအိုင်းအေ၏ရှေ့ပြေး အိုအက်စ်အက်စ် (office of strategic service) ရုံးကို ၁၉၄၂-၄၃ခုနှစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဖွင့်လှစ်ခဲ့သည်။ ထိုရုံး တွင် မြန်မာအမှုထမ်း(၃)ဦး တာဝန်ထမ်းဆောင်ခဲ့ရာ နေရှင်းဦးလောရုံ၊ နောင်ရုပ်ရှင်မင်းသား ဦးထွန်းဝေ၊ နောင်ရုပ်ရှင်မင်းသမီး မေရီမြင့်တို့ဖြစ်ကြပါသည်။ ၁၉၄၈ခုနှစ်နောက်ပိုင်းတွင် အမေရိကန် သာသနာပြုဆရာဝန် ဒုတိယဗိုလ်မှူးကြီး ဒေါက်တာဆီးဂရေ့ဗ်သည် Defence Enquiry Department(44)နှင့် အတူ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပါသည်။ ဒေါက်တာဆီးဂရေ့ဗ် ဆိုသည်မှာ ကချင်သောင်းကျန်းသူ နော်ဆိုင်းအား အားပေးအားမြှောက်ပြုခဲ့သဖြင့် အရေးယူခံ ရသူဖြစ်ပါသည်။ နောက်ပိုင်း အမေရိကန်၏စွက်ဖက်မှုများက ပါလီမန်ဒီမိုကရေစီခေတ်၊ တော် လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နှင့် ယနေ့ခေတ်ကာလအထိ ဗြောင်ကျကျ ဆောင်ရွက်ခဲ့မှုများမှာ ကျွန်တော်တို့အားလုံးသိကြသည့်အတိုင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသာမက နိုင်ငံတကာတွင် ၄င်းတို့ ခြေရှုပ်မှုလွတ်ကင်းသော နေရာခပ်ရှားရှား ဖြစ်မည်ထင်ပါသည်။

ယနေ့လည်း မြန်မာ့အရေးကို နှပ်ကြောင်းပေးမည့် ကုလသမဂ္ဂကိုယ်စားလှယ်ဆိုသူ မစ္စတာ ဂမ်ဘာရီတို့၊ ပီနဲရိုးတို့ကိုကော စီအိုင်အေက စေလွှတ်သူမဟုတ်ပါဟု မည်သူကများ အာမခံနိုင်ကြပါမည်နည်း။