ပို၍ ပို၍ မဖြစ်စေလိုပါ
အောက်တိုဘာလ(၂၇)ရက်နေ့က အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင် အဖွဲ့ကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့တွင် ဖွဲ့စည်းလိုက်သည်လို့ RFA က ထုတ်လွှင့်တာကို ကြားမိလိုက်ပါသည်။ ဥက္ကဌအဖြစ် ပီနန်ဆရာတော် ဘဒ္ဒန္တ ပညာဝံသက ဆောင်ရွက်မည်လို့ သိရပါသည်။
ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်၊ ကျုံတိုင်းကျေးရွာအုပ်စု၊ ဆင်ကူးရွာဇာတိ သက်တော် (၇၉)နှစ်၊ ၀ါတော်(၅၉)၀ါရှိပြီဖြစ်ပါသော ထေကြီး၊ ၀ါကြီး၊ အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တော်ရ ဆရာတော်ပင် အလျဉ်းသင့်၍ အခွင့်ကြုံပါက ပုထုဇဉ်ပီပီ “အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျှောင်အဖွဲ့”တဲ့ အင်မတန်ကြီးကျယ်လှတဲ့ အမည် ကိုယ့်ဖာသာကိုယ်ပေးပြီး၊ ကိုယ်ဖာသာကိုယ်ဥက္ကဌဘွဲ့ တက်ယူလိုက်ပါ လားလို့ စိတ် မချမ်းမြေ့ဖွယ် ခံစားလိုက်ရပါသည်။
ဗီဇဆိုတာ ဖျော်ဖျက်ဖို့ ခက်ခဲလှတဲ့အရာပါလားလို့ သိရပါပြီ၊ မဟာသန္တိ သုခကျောင်းတော်ကြီးကိုပြန်မြင်ယောင်မိပါသည်။ယနေ့အခါမှာကျောင်းတော်ကြီး ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထိန်းသိမ်းပြီး၊ ၀ိနည်း တော်များနဲ့အညီ စနစ်တကျဆောင်ရွက်လို့ တိုးတက်အောင်မြင်နေတာ တွေ့ရလေ၊ ဆရာတော် ရင်နာ ရလေ ဖြစ်ရမှာပါပဲ။ သာသနိကအဆောက်အဦးဟာ သာသနာတော် အတွက် အထောက်အပံ့ဖြစ်ဖို့ပါ။ ဟိုတယ်၊ တယ်ခိုခန်းလိုလုပ်ပြီး ၀င်ငွေရှာဖို့ မဟုတ်ဘူဆိုတာ ဆရာတော်သိမှာပါ။ စင်္ကာပူတို့၊ အမေရိကားတို့မှာတော့ ဘုန်းကြီးကျောင်းကို တည်းခိုခန်း လုပ်လို့ ရ /မရ မသိပါ။ မြန်မာနိုင်ငံမှာတော့ မဖြစ်သင့်ဘူးပေါ့။
ဒီခံစားချက်တွေနဲ့တော့ ဥသျှောင်၊ ဥက္ကကြီးအဖြစ်တာဝန်ယူတာမဖြစ်ပါစေ နဲ့လို့ ဆုတောင်း မိပါသည်။ ဒါမှမဟုတ်ဘာသာမတူ ၊ လူမျိုးကွဲတွေဆီက အထောက်အပံ့ လာဘ်လာဘတွေ မျှော်ကိုးလို့လား ။ ဒါမှမဟုတ် ဒလိုင်းလားမားလို နိုဘယ်ဆုများ ရချင်လို့လား ပို၍မဖြစ်ပါစေနဲ့လို့ ဆုတောင်း မိပါသည်။ သူတို့ကတော့ တပည့်တော်တို့ ဘာသာကို သူတို့ဘာသာလောက် မမြတ်နိုးမှာ သေချာပါတယ် ။ ဒါမှမဟုတ် ဆရာတော်ရဲ့ ဒကာရင်းတွေဖြစ်တဲ့ နိုင်ငံတော်ကို အမြဲဆန့်ကျင်နေတဲ့ လူငယ်အုပ်စုတွေ၊ နာမည်တွေ ဆရာတော်သိပါတယ်။ ထုတ်မဖော်ပါရစေနဲ့တော့။ သူတို့တွေရဲ့ တာဝန်ပေးချက် အရဆိုရင်တော့ ပို၍ ပို၍ မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။ ဆရာတော်ခင်ဗျား၊ဆရာတော်ရဲ့သက်တော်၊၀ါတော် ရရှိထားတဲ့ဘွဲ့တံဆိပ်တော် များဟာ သူတို့တွေနဲ့ယှဉ်ရင် ကွာခြားလှပါတယ်။ ဆင်ခြင်နိုင်ပါရန် တင်ပြလိုက် ရပါတယ်။