ဆည်၊ တမံများ အရှိန်အဟုန်ဖြင့် တည်ဆောက် အရည်အသွေးကောင်း အထွက်တိုးသီးနှံများ စိုက်ပျိုး
လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် တစ်မျိုးသားလုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသည်။ နိုင်ငံတော်အစိုးရက စိုက်ပျိုးရေ လုံလောက်စွာရရှိစေရန် ရေအရင်းအမြစ်ရရှိနိုင်မှု အခြေအနေများကို ကြိုးပမ်းဖော်ထုတ်နေသည်။ ဆည်၊ တမံ၊ မြစ်ရေတင်စီမံကိန်းများနှင့် မြေအောက်ရေရှိရေး လုပ်ငန်းများကို ဖြန့်ကြက်တည်ဆောက်ပေးလျက်ရှိသည်။
နိုင်ငံတစ်ဝန်း၌ ဆည်၊ တမံ၊ ရေထိန်းတံခါးပေါင်း နှစ်ရာကျော်ကို တည်ဆောက်ပေးထားရာ ဆည်ရေသောက် စိုက်ပျိုးမြေများ တိုးတက်လာပြီး မိုးစပါး၊ နွေစပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံနှင့် ချည်မျှင်ရှည်ဝါများကို သီးထပ်စိုက်ပျိုး အကျိုးဖြစ်ထွန်းနေသည်။ စိုက်ပျိုးရေးကဏ္ဍ၌ တိုးတက်အောင်မြင်မှုများရရှိလာသဖြင့် စပါးတစ်မျိုးတည်းပင် အထွက်တင်းသန်းပေါင်း ၁၆၀၀ ခန့် ရှိနေပြီဖြစ်ရာ စားနပ်ရိက္ခာဖူလုံရုံမျှမက ပိုလျှံနေပြီဖြစ်သည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အခြေခံကျသဖြင့် တောင်သူလယ်သမားများက ခေတ်မီစိုက်ပျိုးရေးအထောက်အကူပြု လယ်ယာလုပ်ငန်းခွင်သုံး စက်ကိရိယာပစ္စည်းများကို ထုတ်လုပ်အသုံးပြုလျက်ရှိသည်။ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံများထူထောင်၍ လက်တွန်းထွန်စက်များ၊ တောင်ပေါ်သုံးလက်တွန်းထွန်စက် ၊ စပါးရိတ်သိမ်း ခြွေလှေ့စက်တို့ကို ထုတ်လုပ်ပေးလျက်ရှိရာ လယ်ယာလုပ်ငန်းခွင်များ၌ စက်ကိရိယာသုံးစွဲမှု ပိုမိုများပြားလာသည်ကို တွေ့ရသည်။
တစ်ဖက်မှလည်း တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များက မြေလွတ်မြေရိုင်းများ တိုးချဲ့ဖော်ထုတ်ပြီး ခေတ်မီလယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေသည်။ ခေတ်မီလယ်ယာစိုက်ပျိုးရေး အထူးဇုန်များဖော်ထုတ်၍ မိုးစပါး၊ နွေစပါးနှင့် သီးထပ်သီးနှံများ တိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ကြိုးပမ်းနေကြပြီဖြစ်သည်။
ဆန်စပါးအပါအ၀င် ဈေးကွက်ရှိသော သီးနှံများကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် သီးနှံအရည်အသွေး ကောင်းမွန်ရေး၊ တစ်ဧကအထွက်နှုန်းတိုးရေးတို့ကိုလည်း အလေးထား လုပ်ကိုင်သွားကြမည်ဖြစ်သည်။ အထူးသဖြင့် သီးနှံများ အထွက်တိုးရေးအတွက် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုရေး၊ အထွက်နှုန်းတိုးပြီး စားသုံးရန်ကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးရေး၊ မြေအမျိုးအစားအလိုက် မြေသြဇာများ လိုအပ်ချက်နှင့်အညီအသုံးပြုရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာကောင်းမွန်ရေးတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်က စိုက်ပျိုးရေ လုံလောက်စွာရရှိရေး အပါအ၀င် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုလာရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးနှင့် လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိရာ စိုက်ပျိုါ်ရေးလုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများက အထွက်နှုန်းတိုး အရည်အသွေးကောင်းသီးနှံများ တိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ကြိုးပမ်းသွားကြရမည်ဖြစ်ပါသည်။ ။

0 comments:
Post a Comment